Friday, October 12, 2012

ငါးအချိုပေါင်း


ငယ်ငယ်က ငါးသိပ်မကြိုက်တဲ့ကျွန်မဟာ အသက်နဲနဲရလာတော့ ငါးကိုနှစ်သက်တတ်လာပါတယ်။ ဒါပေမယ့်လည်း ဆီပြန်ကိုလည်းသိပ်မစားချင်တာကြောင့် ဆီပြန်မဟုတ်တဲ့ ငါးဟင်းလေးတွေကို ရှာဖွေကြည့်မိတဲ့အခါ ဒီဟင်းလေးကို သွားတွေ့ပါတယ်။ ဒီလိုချက်နည်းကတော့ တရုပ်စတိုင်ဖြစ်တာကြောင့် ဟင်းချက်ဝိုင်ကို အဓိကသုံးပြီး ဆီမပါသလောက်မို့ ကျန်းမာရေးနဲ့ညီညွတ်တာတော့ အထူးပြောဖွယ်မရှိပါဘူး။ ဆီမပါလို့ အရသာမကောင်းဘူးလို့တော့ မထင်နဲ့နော်။ ထမင်းဖြူလေးနဲ့ဆိုရင် သိပ်လိုက်လို့ ဒီဟင်းနဲ့ဆို ထမင်းလိုက်ပွဲမဆောင်မဖြစ် ဆောင်ရမှာသေချာသလောက်ပါပဲ။ အရသာရှိပြီး အချိန်ခဏလေးအတွင်းမှာတင် ချက်နိုင်တဲ့ ငါးပေါင်းလုပ်နည်းလေး ကြည့်ကြရအောင်

ငါးတစ်ကောင်လုံးပေါင်းနည်းကို ကြည့်ချင်ရင် ဒီလင့် မှာကြည့်လို့ရပါတယ်။ 

ပါဝင်ပစ္စည်းများ
  • ပဲငံပျာရည် အကြည်- စားပွဲဇွန်း ၂  ဇွန်း
  • ဟင်းချက်ဝိုင်ဖြူ (တရုပ်တွေသုံးလေ့ရှိတဲ့ ဆန်နဲ့လုပ်ထားတဲ့ဝိုင်ပါ၊ city mart မှာဝယ်လို့ရပါတယ်) - စားပွဲဇွန်း ၂ ဇွန်း
  • နှမ်းဆီ အနည်းငယ်
  • သကြား ( rock sugar) ၂ခဲ (မရရင် ရိုးရိုးသကြား လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပါ)
  • ငါးအသားလွှာ (ငါးရံ့) - ၂၀၀ ဂရမ်
  • ဂျင်းအနည်းငယ်
  • ငရုပ်သီး စိမ်း ၂ တောင့် (အစပ်မစားနိုင်ရင် လျော့ထည့်ပါ)

ငါးပေါင်းကြမယ်
  1. သကြားခဲ ၂ ခဲကို ပုံပါအတိုင်း ပဲငံပျာရည်၊၀ိုင်နဲ့စိမ်ထားပါ။
  2. ငါးကို အညှီနံ့ပျောက်အောင် မန်ကျီးနှစ်နဲ့ ၂ ခါဆေးပြီး ဆား၊ ဟင်းခပ်မှုန့်နယ်ထားပြီး နာရီဝက်လောက် နှပ်ထားလိုက်ပါ
  3. ငါးကိုပေါင်းမယ့်ပန်းကန်ထဲပြောင်းထည့်ပြီး ပဲငံပျာရည်၊ သကြားဝိုင်အရောကို အပေါ်မှလောင်းထည့်ပေးပါ
  4. နှမ်းဆီလေးလဲ နဲနဲဆမ်းပေးပါ
  5. နောက်ဂျင်းလေးတွေကို သေးသေးလေးတွေလှီး၊ ငရုပ်သီးလေးတွေကိုလည်းလှီးပြီး ငါးပေါ်မှာဖြူးပေးပါ။
  6. ပွက်ပွက်ဆူနေတဲ့ ဒယ်အိုးထဲမှာ ခုနကငါးထည့်ထားတဲ့ ပန်းကန်ကို ၇ မိနစ်လောက်ပေါင်းပေးရင်ရပါပြီ
  7. ကြက်သွန်မိတ်လေးဖြူးလိုက်ရင်တော့ ထမင်းဖြူဖြူလေးနဲ့ တွဲစားဖို့ အရသာရှိလှသော ငါးပေါင်းလေး အဆင်သင့်ဖြစ်သွားပါပြီ။

Wednesday, October 10, 2012

ကလေးတို့အတွက် မီးဖိုချောင်



FOOD magazine လာမယ့် နိုဝင်ဘာထုတ်အတွက် ရေးပေးထားတဲ့ ဆောင်းပါးလေးပါ။

ကလေးတွေဟာ စူးစမ်းလေ့လာတတ်ကြသလို သူတို့ရဲ့ပတ်ဝန်းကျင်မှာတွေ့နေ မြင်နေရတဲ့ အရာတွေကနေ လေ့လာသင်ယူကြတာများပါတယ်။ လူကြီးတွေသိပ် သတိမထားမိတဲ့ အချက်က ကလေးတွေဟာ မီးဖိုချောင်ထဲမှာ ကူညီရတာကို နှစ်သက်ကြတယ်ဆိုတာပါ။ ဘာလို့လဲဆိုတော့ မီးဖိုချောင်ဆိုတဲ့နေရာက သူတို့အတွက် TV ကြည့်သလိုကြားရုံ မြင်ယုံသာမကပဲ သူတို့ကိုယ်တိုင် ၀င်လုပ်ကိုင် (တနည်းအားဖြင့် ဆော့နိုင်)နိုင်တဲ့ နေရာမဟုတ်ပါလား။ ဒါ့အပြင် ကလေးတွေဟာ သူတို့ကိုယ်တိုင်လုပ်ထားတဲ့ အစားအသောက်တွေကို စားရမှာ နှစ်သက်ကြပါတယ်။ အဲဒါလည်းသိပ်သေချာတဲ့ အချက်ပါပဲ။ ဟုတ်မဟုတ်သိချင်ရင် ငယ်ငယ်တုန်းက ဘ၀ကိုခဏလေးပြန်တွေးကြည့်လိုက်ပါ။ ငယ်ငယ်တုန်းက လူကြီးတွေမသိအောင် ခိုးပြီးထမင်း၊ဟင်းချက်တမ်း ကစားခဲ့ဖူးတာတွေလေ။ တကယ့်မီးဖို သေးသေးလေးလုပ်ပြီးဆော့လို့ လူကြီးတွေအသိမှာ အဆူခံအရိုက်ခံရဖူးတာတွေပေါ့။ အဲလိုအတွေ့အကြုံမျိုးကို အများစုကြုံဖူးကြမယ်လို့ ထင်ပါတယ်။

အမှန်မှာတော့ ဒီလိုလုပ်ကိုင်ချင်စိတ်ရှိတာဟာ အင်မတန်ကောင်းမွန်ပြီး သဘာဝကျတဲ့ အနေထားပါ။ မီးဖိုထဲမှာ အန္တရာယ်မဖြစ်ရအောင်သာ လူကြီးတွေက ဂရုတစိုက်ကြပ်မတ်ပေးဖို့ပဲလိုတာပါ။  ကလေးတွေကို မီးဖိုချောင်ဝင်စေတာဟာ သူတို့နောင်လူကြီးဘ၀အတွက် အကျိုးကျေးဇူးအများကြီးရှိစေပါတယ်။ မီးဖိုချောင်ထဲမှာ ရှုပ်ပွတာတာအတွက်တော့ နဲနဲတော့ စိတ်ရှည်ပေးရမှာပေါ့နော်။ ဒီလို လူကြီးမိဘဟင်းချက်တုန်းမှာ သူတို့လေးတွေကို ၀င်ကူစေချင်းအားဖြင့် ကလေးနဲ့ မိဘကြားချစ်ခင်ရင်းနှင်းမှုအတိုင်းအတာကိုလည်း တိုးပွားစေတယ်။ ပြီးတော့ သူတို့ရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုလည်း မြင့်မားစေတယ်။ ဥပမာလူကြီးက " သမီးက လိမ္မာလိုက်တာ၊ သမီးကူလို့ အလုပ်တွေများကြီးပြီးသွားပြီ၊ မဟုတ်ရင်မေမေတစ်ယောက်ထဲ ပြီးမှာမဟုတ်ဘူး " စသည်ဖြင့်ပြောပေးမယ်ဆိုရင် ကလေးတွေရဲ့ စိတ်ထဲမှာ ကျေနပ်မှုကိုရပြီး စိတ်အင်အားလည်း မြင့်မားစေမှာအမှန်ပါပဲ။ ဒါ့အပြင် အသီးအနှံတွေကို ရေတွက်ခိုင်းတာတို့၊  ကူညီချိန်တွယ်ခိုင်းတာမျိုးလေးတွေကလည်း ကလေးတွေရဲ့ သင်္ချာအတွက်အချက်စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်တဲ့။ မိဘတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ထိဆက်ဆံစေမှုဟာ သူတို့လေးတွေကို လူမကြောက်သူတွေဖြစ်အောင်၊ အများနဲ့ပေါင်းသင်းဆက်ဆံရာမှာ အဆင်ပြေတဲ့သူတွေဖြစ်အောင် အများကြီးပံ့ပိုးကူညီပေးတယ်လို့ လဲဆိုပါတယ်။

ဒီလောက်ကောင်းတဲ့ ကလေးငယ်ပြုစုပျိုးထောင်ရေးကို ဝေးဝေးသွားစရာမလိုပဲ အိမ်မှာအလွယ်တကူရနေတာကိုလက်တွေ့အသုံးချလိုက်ရအောင်နော်။အဲလို ကလေးတွေကို မီးဖိုထဲမှာ ကူညီခိုင်းတာဟာလည်း သူ့အသက်အရွယ်နဲ့သူသင့်တော်တဲ့ ကူခိုင်းနည်းလေးတွေရှိပါတယ်။

၁ နှစ်အရွယ် ကလေးငယ်များ
ဒီကလေးလေးတွေကတော့ မီးဖိုထဲဘာကူနိုင်ဦးမှာလဲနော်။ ဒါပေမယ့် သူ့တို့ကလည်း မီးဖိုထဲက အတွေ့အကြုံ၊ ကြားနေ၊ မြင်နေရတာတွေကို နှစ်သက်တတ်ပါတယ်။ သူတိုကို ကလေးထိုင်တဲ့ ခုံအမြင့်လေးနဲ့ မီးဖိုထဲမှာထားပြီး အသီးအနှံလေးတွေကို ပြပေးပြီး ဘယ်လိုခေါ်တာလဲဆိုတာလေးတွေပြောပြပေးလိုက်ပါ။ ဖြစ်နိုင်ရင် မကွဲနိုင်တဲ့ ခွက်၊ဇွန်းကလေးတွေနဲ့ ကလေးတွေကိုင်တွယ်နိုင်လောက်တဲ့ အစားအသောက်လေးတွေကို သူ့တို့ကိုယ်တိုင် ထည့်ခိုင်းပြီး စားခိုင်းကြည့်ပါတဲ့။

၂ နှစ်အရွယ် ကလေးငယ်များ
ဒီအရွယ်ကလေးတွေကတော့ စပြီးနဲနဲပါးပါးကူခိုင်းလို့ရတဲ့ အရွယ်လေးတွေပေါ့။  အသီးအနှံတွေရေကူဆေးခိုင်းတာတို့၊ ဆလပ်ရွက်ကလေးတွေ ခွာခိုင်းတာမျိုး၊ စားပွဲသုတ်ခိုင်းတဲ့ အလုပ်မျိုးလေးတွေကို စမ်းပြီး ခိုင်းကြည့်လို့ရပါပြီ

၃ နှစ်အရွယ် ကလေးငယ်
၃ နှစ်အရွယ်ဆိုရင်တော့ သူတို့လက်တွေကိုသုံးပြီး စူးစမ်းတတ်တဲ့အရွယ်ပါတဲ့။ ဒါ့ကြောင့် သူတို့ရဲ့ လက်ကလေးတွေကို အများဆုံးအသုံးပြုနိုင်မယ့် အလုပ်ကလေးတွေရွေးခိုင်းပေးရပါမယ်။ မုန့်နှစ်စပ်တဲ့အချိန်မှာ ရေနဲနဲလောင်းခိုင်းတာတို့၊ မုန့်နှစ်မွှေခိုင်းတာတို့၊ ပေါင်မုန့်ယိုသုတ်ခိုင်းတာမျိုး တို့တွေဆိုရင် သူတို့အရွယ်လေးတွေနဲ့ အသင့်တော်ဆုံးပါပဲ။

၎၊ ၅ နှစ်အရွယ် ကလေးများ
ဒီအရွယ်ဆိုရင်တော့ လက်ချောင်းလေးတွေကို အသုံးပြုရတဲ့ အလုပ်မျိုးလေးတွေက ပိုသင့်တော်ပါတယ်။ ဥပမာ - သံပုရာသီးညှစ်ခိုင်းတာမျိုးလေးတွေ၊ ကြက်ဥခေါက်ခိုင်းတာမျိုးလေးတွေပေါ့။

ဒါပေမယ့် ကလေးတွေကို ကူခိုင်းရာမှာသတိထားသင့်တဲ့ အချက်ကလေးတွေကိုလည်း သိထားသင့်ပါတယ်

  • ကလေးတွေဟာ အာရုံစိုက်အား သိပ်မကောင်းသေးတဲ့အတွက် သူတို့ကို လွယ်ကူမြန်ဆန်တဲ့ အလုပ်ကလေးတွေပဲ ပေးသင့်ပါတယ်။ တစ်ခါထဲမှာစုပြုံ ပြီးခိုင်းတာမျိုးမလုပ်သင့်ပါဘူး
  • ဒါ့အပြင်သူတို့ဟာ အဲလိုကူရပြီဆိုရင် စိတ်လှုပ်ရှား ပြီးပျော်တတ်တာကြောင့် လူကြီးခိုင်းတာ အတိအကျကိုမေ့သွားတတ်ပါတယ်။ ဒါ့ကြောင့် လိုအပ်ရင် စိတ်ရှည်ရှည်လေးထားပြီး ပြန်ပြောပြပေးဖို့တော့ လိုပါလိမ့်မယ်
  • နောက်တစ်ချက်က ကလေးကို မီးဖိုထဲမှာ တစ်ယောက်ထဲလွှတ်မထားပါနဲ့။ အမြဲကြပ်မတ်စောင့်ကြည့်သင့်ပါတယ်။
  • နောက်ဆုံး အရေးကြီးတဲ့ အချက်တစ်ခုကလည်း အားလုံးပြီးသွားရင် ကူသိမ်းခိုင်းတဲ့ အကျင့်ကလေးကိုလုပ်ပေးပါ။  ဒီလိုအကျင့်လေးတွေဟာ လူကြီးဖြစ်တဲ့အထိအထောက်အကူဖြစ်နေမှာမို့ပါ။

ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိပြီဆိုတော့ ကလေးတွေနဲ့အတူ မုန့်လုပ်ကြည့်ဖို့ မုန့် ၂မျိုးကို ရွေးချယ်လိုက်ပါတယ်။

Mix Fruit Yogurt

သစ်သီးမျိုးစုံနဲ့လုပ်တဲ့ မနက်စာလေးပေါ့။

ပါဝင်ပစ္စည်းများ
  • ငှက်ပျောသီးတစ်လုံး
  • ဒိန်ချဉ်ဘူး အသေးလေးတစ်ဘူး (၁၀၀ ဂရမ်)
  • Oat Cereal အနည်းငယ်
  • ချောကလက်အရည် အနည်းငယ်
  • နှစ်သက်ရာအသီးအနှံ 1/4 cup (သေးသေးစိတ်ထား)

  1. ပထမဆုံးမုန့်မလုပ်ခင် သူတို့ရဲ့လက်လေးတွေ ဆေးရမယ်ဆိုတဲ့ အသိကလေးဝင်အောင် လက်ဆေးခိုင်းပါ။
  2. ငှက်ပျောသီးကို သူတို့ကိုယ်တိုင်ခွာပါစေ။
  3. ပြီးရင် ငှက်ပျောသီးကို တစ်လုပ်စာလေးတွေ စိတ်ခိုင်းပါ။ ဒီနေရာမှာ ပလတ်စတစ်ဒါးလေးကို ပေးပြီးစိတ်ခိုင်းပါ
  4. နောက် ခွက်တစ်ခုထဲထည့် ငှက်ပျောသီးထည့်၊ အသီးအနံနဲ့ ဒိန်ချဉ်ပါထည့်ခိုင်းပြီး Oat Cereal  ကိုဖြူးပေးပြီး Chocolateအရည်လေးဆမ်းလိုက်ရင် မနက်စာလေး အသင့်ဖြစ်သွားပါပြီ။
  5.  အဟာရပြည့်ဝပြီး လွယ်ကူတဲ့ မနက်စာပြင်နည်းလေးမို့ ကလေးများပျော်ရွှင်ပြီး နှစ်သက်ကြမှာပါ

Tuesday, October 9, 2012

ဆေးဘဲဥ အစပ်ကြော် (Spicy century egg)




ဒီဆေးဘဲဥ အစပ်ကြော်ဟင်းလေးကတော့ စာအုပ်တစ်အုပ်ထဲက နမူနာယူပြီး ပြန်လုပ်ပြထားတာပါ။ သူ့ထဲက အညွှန်းတွေအတိုင်း အတိအကျမဟုတ်ဘဲ ကျွန်မတို့ ဗမာပါးစပ်နဲ့အဆင်ပြေအောင် ခပ်စပ်စပ်ကလေးလုပ်ထားလို့ ထမင်းဖြူဖြူလေးနဲ့ တွဲစားလိုက်ရင် ထမင်းမြိန်စေပါတယ်။ အသားမပါဘူး မဖြစ်ရအောင် အသားလေးတွေကိုလည်း နုတ်နုတ်စဉ်းပြီးထည့်ထားတော့ အသားအရသာနဲ့ ဆော့စ်အရသာရောပြီး အင်မတန်မှလိုက်ဖက်ညီပါတယ်။ ဒါ့အပြင် ဆေးဘဲဥအရသာ ဆိမ့်ဆိမ့်လေးပါတွဲလိုက်တော့ ပိုပြီးစားကောင်းသွားတာပေါ့နော်။ အသားကတော့ ကြက်သား (သို့) ၀က်သားသုံးနိုင်ပါတယ်။ ၀က်သားနဲ့ဆိုရင်တော့ ပိုလိုက်ဖက်မယ်ထင်ပါတယ်။ လုပ်နည်းလေးကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဆေးဘဲဥ ၂လုံး
  • ကြက်သား (သို့) ၀က်သား အနည်းငယ် (နုတ်နုတ်စဉ်း)
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်းလျော့လျော့
  • ငရုပ်ဆီစားပွဲဇွန်း ၂ ဇွန်း
  • ပဲငံပျာရည်အကြည် စားပွဲဇွန်း ၁ဇွန်း
  • ဟင်းခပ်မှုန့် အနည်းငယ်

ချက်ပြုတ်နည်း

  1. ပထမဆုံး ဆေးဘဲဥကို အခွံခွပြီး ရေနွေးဆူဆူမှာ ၅ မိနစ်လောက်စိမ်ထားပေးပါ
  2. ကြက်သားကို ဆားအချိုမှုန့် နယ်ထားပေးပါ
  3. နောက်ဆေးဘဲဥတွေကို ၄ စိတ်စီစိတ်ပြီး ဂျုံမှုန့်လူးပြီး ကြော်ကာ ဆီစစ်ထားပေးပါ
  4. ဆီစားပွဲဇွန်း ၁ ဇွန်းကိုပူအောင်တည်ပြီး ကြက်သားတွေကိုထည့်ကြော်ပေးပါ တဆက်ထည်းမှာပဲ ခရုဆီ၊ ငရုပ်ဆီ နဲ့ ပဲငံပျာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်ကိုထည့်ပြီးရေ တစ်ရုပ်ပန်းကန်လုံး ထက်ဝက်ထည့်ပေးပါ။
  5. ဆော့စ်တွေနဲနဲဆူလာပြီဆိုရင် ကြော်ထားတဲ့ ဆေးဘဲဥလေးတွေထည့်၊ ငရုပ်သီးတစ်တောင့် ပါးပါးလှီးထားတွေထည့်မွှေပြီး မီးပိတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ထမင်းပူပူလေးနဲ့ တွဲစားဖို့ ဆေးဘဲဥအစပ်ကြော် အဆင်သင့်ဖြစ်ပါပြီ။