Monday, August 19, 2013

နွားနို့ခဲလုပ်နည်း




နွားနို့ခဲကတော့ လုပ်ရတာလွယ်ကူပြီး အမယ်မျိုးစုံလုပ်စားလို့ အဆင်ပြေသော အစားအစာတစ်မျိုးပါ။ တစ်ချို့ကလည်း ခရမ်းချဉ်သီး အနှစ်နဲ့ဆီပြန်ချက်စားကြသလို၊ တစ်ချိုကလည်းကြော်ပြီးစားကြပါတယ်။ တစ်ခါတစ်လေလည်း ပလာတာထည်းမှာ ထည့်ပြီးကြော်စားတာ တွေ့ဖူးသလို ၊ ဒံပေါက်ထမင်းထည်းလည်း ထည့်ကြပါတယ်။ ကျွန်မကတော့ ထမင်းကြော်ထဲမှာထည့်သုံးတယ်။ ကြော်နည်းက ဒီမှာပါ အဲလိုမျိုးလိုရသုံးလို့ရတဲ့ နွားနို့ခဲလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ နို့ခဲပြုလုပ်နည်း အများစုကတော့ အချဉ်ဓာတ်ပေးပြီး ခဲအောင်လုပ်ကြတာပါပဲ။ တချို့ဒေသတွေမှာတော့ မုရိုးစေး ထည့်ပြီး ခဲကြတယ်လို့ ဖတ်ဖူးပါတယ်။
ပါဝင်ပစ္စည်းများ
နွားနို့ ၁ လီတာ
လီမွန်ရည် စားပွဲဇွန်း ၂ ဇွန်း


ပြုလုပ်နည်း
ဦးစွာနွားနို့များကို ဆူလာအောင်ကျိုပေးပါ
လီမွန်ရည်ကို ဖြည်းဖြည်းချင်းလောင်းထည့်ပြီး မွှေပေးပါ။
နွားနို့အခဲ နဲ့ အရည်များကွဲစပြုလာတာကို တွေ့ရပါလိမ့်မယ်။ အဲလိုဖြစ်တာနဲ့ ချက်ခြင်း မီးပိတ်ပြီး အ၀တ်သန့်သန့် တစ်ခုနဲ့ စစ်ပေးပါ။
အဆိမ့်အရသာချည်း ဖြစ်မနေစေရန်အတွက် ဆားနဲ့သကြားအနည်းငယ်ကို ထည့်ပေးပါတယ်။
နောက် အ၀တ်ကိုချည်လိုက်ပြီုး အပေါ်မှ အလေးတစ်ခုခုနဲ့  ဖိထားပေးပြီး ၃ နာရီလောက်ကြာရင်သုံးလို့ရပါပြီ။


Thursday, August 15, 2013

"လွယ်ကူဆန်းသစ်သောမုန့်လုပ်နည်းများ "စာအုပ်



EVY's Kitchen ရဲ့ ချစ်မိတ်ဆွေများကို စာအုပ်ထွက်တဲ့ အကြောင်းသတင်းကောင်းလေးပါးချင်ပါတယ်ရှင်။
ဒါလေးက EVY's Kitchen ရဲ့မှတ်တိုင်လေး တစ်ခုဆိုရင်လည်း မမှားပါဘူးနော်။ FOOD Magazine မှ စုစည်းတင်ဆက်မှုပြုလုပ်လိုက်တဲ့ စာအုပ်လေးပါ။

မုန့်လုပ်နည်းသီးသန့် ဖြစ်တာကြောင့် မုန့်ဖုတ်ဝါသနာတူ မိတ်ဆွေများ သဘောကျနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မုန့်လုပ်နည်း တော်တော်များများကိုလည်း ထုံးစံအတိုင်း ပုံအဆင့်ဆင့်နှင့်တကွ ဖော်ပြထားပြီး website မှာ မဖော်ပြရသေးတဲ့ မုန့်လုပ်နည်း အသစ်များလည်း ပါဝင်ပါတယ်ရှင်။ ဒါ့အပြင် မုန့်လုပ်ရာမှာသတိထားရမယ့် ဆောင်ရောင်ရှောင်ရန်များကိုလည်း ထည့်သွင်းဖော်ပြပေးထားတာမို့ အဆင်ပြေမယ် ထင်ပါတယ်။

စာအုပ်ကတော့ ဒီနေ့မှာ စတင်ဖြန့်ချီပြီး ရန်ကုန်က စာအုပ်ဆိုင်တိုင်းနဲ့ City Mart တိုင်းမှာရနိုင်ပါတယ်။
နယ်မှ မှာယူလိုသူများအတွက်တော့ FOOD Magazine တိုက်ကိုပဲ ဆက်သွယ်နိုင်ပါတယ်။

Wednesday, August 14, 2013

S'more မုန့်





S’more လို့ခေါ်တဲ့ မုန့်လေးကတော့ အနောက်နိုင်ငံက Camp သွားကြတဲ့အချိန် ညဖက် မီးပုံပွဲမှာ ကင်စားလေ့ရှိကြတဲ့ မုန့်လေးပါ။ အရသာကောင်းလွန်းလို့ ခဏခဏတောင်းတာကြောင့်  “Some More” ကနေ “S’more” ရယ်လို့ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒီမုန့်လေးကို မီးပုံပွဲမဟုတ်ပဲ အိမ်မှာလဲ ဖန်တီးလို့ရပါတယ်

ချောကလက် ၊ marshmallow များပါဝင်တာကြောင့် ကလေးများအကြိုက်ပါပဲ

ပါဝင်ပစ္စည်းများ

  • Cracker ၄ ချပ်
  • ချောကလက် ၂ တုံး (ရိုးရိုးချောကလက်အခဲကို ဖဲ့ပြီးသုံးလို့ရပါတယ်)
  • Marshmallow အသေးလေးများ


ပြုလုပ်နည်း

Cracker တစ်ချပ်စီပေါ်မှာ marshmallow များတင်ပြီး မိုက်ခရိုဝေ့ဖ် အပူချိန် အမြင့်ဆုံးမှာ ၁ မိနစ်ထားပေးပါ

အာဗင်မှ ထုတ်ပြီးပြီးချင်း ချောကလက် တစ်တုံးကိုထည့်ပြီး cracker နောက်တစ်ချပ်နဲ့အုပ်ပေးပါ။
မိုက်ခရိုဝေ့ဖ်မှာ စက္ကန်း ၃၀လောက်ပြန်ထားပေးပြီးရင် စားလို့ရပါပြီ