Tuesday, August 27, 2013

အိတ်မှောက် ဖာသွန် ၂၇- Tag Post


အစ်မ သက်ဝေက tag ပို့စ်ရေးပါဆိုတာနဲ့ မရေးတာကြာနေပြီဖြစ်သော tag ပို့စ်လေးရေးဖြစ်သွားပါတယ်။ ဟင်းချက်ခြင်းပို့စ်ကလွဲပြီး အခြားအကြောင်းအရာ ရေးနေကြမဟုတ်လေတော့ ဘာရေးရမလဲ ဆိုတာကို တော်တော်တော့ စဉ်းစားလိုက်ရပြန်ပါတယ်။  တစ်ခုသတိထားလိုက်မိတာက အရင်ဘလော့နှစ်ဦးပိုင်းများကလို tag ပို့စ်တွေရှားပါးသွားတဲ့ခေတ်မှာ ခုတစ်လောတော့ tag ပို့လေးတစ်ခု နှစ်ခုလောက်ကို တွေ့မိလိုက်တာပါ။ ငြိမ်ချက်သားကောင်းနေတဲ့ ဘလော့လောကကြီးလည်း ဩဂုတ်၃၁ရက်နားရောက်လို့ ပြန်လည်တက်ကြွလာလေရော့သလား။ ဘာပဲဖြစ်ဖြစ် Tag ပို့စ်လေးတွေရေးရတာက ပေါ့ပေါ့ပါးပါးနဲ့  ပျော်စရာကောင်းပြီး blogger အချင်းချင်း ရင်းနှီးမှုတိုးပွားစေတာ အမှန်ပါပဲ။

ကဲ ခေါင်းစဉ်က "အိတ်မှောက် ဖာသွန်၂၇" တဲ့...ခေါင်းစဉ်အရဆိုရင်တော့ ၂၇ ရက်နေ့မှာ အိတ်မှောက် (သို့) သွန်တဲ့ အကြောင်း။ ဒါဆိုရင်တော့ အိတ်သွန်ကို သွန်မှဖြစ်တော့မယ်ဆိုပြီးသွန်လိုက်တဲ့ အခါမှာ ထွက်လာတာများကတော့

၁) အလုပ်သမားကဒ်
၂) ပိုက်ဆံရွက်များ၊ အကြွေစေ့များ နဲ့ ကဒ်ပေါင်းစုံထည့်ထားသော wallet တစ်ခု
၃)ထီးတစ်လက်
၎) ရုံးက အံဆွဲသော့များချိတ်ထားသော အကြွေစေ့ထည့်သောအိတ်တစ်အိတ်
၅) နုတ်ခမ်းနီအဆီတစ်တောင့်
၆) Hand cream သုံးလက်စတစ်ဗူး (တစ်ခါတစ်လေ စိတ်ပါမှသုံးဖြစ်ပါသည်)
၇) ဖုန်း
၈)ဘောပင်တစ်ချောင်း
၉)အဆီစုပ်စက္ကူထည့်ထားသော အိတ်လေး
၁၀) ဘီးခပ်သေးသေးလေးတစ်ခု
၁၁) အိမ်သော့တွဲတစ်ခု
၁၂) ဇက်ကြောတက်လျှင်လိမ်းသော လက်ကိုင်လိမ်းဆေးတစ်ဗူး+ Panadol တစ်ကဒ် (ဒီနောက်ဆုံး ၂ ခုက မရှိမဖြစ်)

ကျွန်မအိတ်ကတော့ တခြားမိန်းခလေးများလို အလှပြင်ပစ္စည်းများသိပ်ပါလေ့ မရှိပါဘူး။ ခုနောက်ပိုင်းမှာ ပခုံးကိုက် ဇက်ကြောတက် တတ်တာဆိုးလွန်းတာကြောင့် တတ်နိုင်သမျှ အလိုအပ်ဆုံးပစ္စည်းများကို သာထည့်ယူလေ့ရှိတာမို့ အိတ်က မလေးဘူးလို့ပြောလို့ရပါတယ်။ ဘာပါလဲဆိုတာလည်း သိပ်စိတ်ဝင်စားစရာမကောင်းတဲ့ အိတ်အမျိုးအစားထဲမှာ ကောင်းကောင်းပါမယ့် အိတ်မျိုးပါပဲ။


ကျွန်မရဲ့ အိတ်သွန်တဲ့ ကိစ္စက အဲဒီမှာတင် မရပ်ဘူးရှင့်။ နောက်ပိုပြီး စိတ်ဝင်စားစရာကောင်းမယ့် အိတ်ကို ထပ်သွန်တယ်။ ဒီတစ်ခါတော့ ကိုယ့်လို အချက်အပြုတ်၊ မီးဖိုချောင် ပစ္စည်း သေးသေးမွှားမွှားလေးများကို တွေ့တိုင်းဝယ်နေမယ့် သူများစိတ်ဝင်စားမယ့် အပိုင်းရောက်လာပါပြီ။ အဲဒီအိတ်မျိုးလေးများ ကျွန်မအပြင်ထွက်တိုင်း အလျင်းသင့်သလိုပါလာလေ့ရှိပြီး ပါတဲ့ပစ္စည်းများကလည်း အမြဲတမ်းကွဲပြားနေတတ်တယ်။ ဒီနေ့အတွက် နေ့ခင်းက Daiso ကိုလဲရောက်ခဲ့တာမို့ ပါလာတဲ့ အိတ်ကလေးကို ထပ်သွန်လိုက်တဲ့ အခါမှာ

၁) မီးဖိုသုံး နှီးဗန်းလေး
၂) ကိတ်မုန့်ထည့်ဖို့သင့်တော်မယ့် ပန်းကန်လေးတစ်ခု
၃) မုန့်ဖုတ်သုံး မွှေတံ
၎) ဓာတ်ပုံရိုက်ရင်သုံးဖို့ အလှဆင်ပစ္စည်းတစ်ချို့
၅) မီးဖိုသုံး အနံ့အသက်စုပ်စေတဲ့ ဗူးကလေးတစ်ခု
ထွက်လာပါတယ်။

 ဒီအိတ်ကတော့ ကျွန်မအမြဲတမ်း ပျော်ရွှင်စွာနဲ့ သွန်လေ့ရှိတဲ့ အိတ်ပါပဲ။ အလှပြင်ပစ္စည်းကို မက်မောလေ့မရှိပဲ မီးဖိုချောင်ပစ္စည်း ကိုသာပိုစိတ်ဝင်စားတဲ့ ကျွန်မကအဲလို အိတ်မျိုးလေးကိုပဲ အမြဲသွန်ချင်ပါတယ်လို့ ပြောရင်းဒီပို့စ်လေးကို အဆုံးသတ်လိုက်ပါရစေ.


ကဲမမသက်ဝေရေ.....စိတ်ပါလက်ပါပဲရေးလိုက်ပါပြီနော်။
(အိတ်ပုံတစ်ပုံမှ ရိုက်ပြီး သားမရှိလို့ အင်တာနက်ကပဲ ရှာပေးလိုက်ပါတယ်။ Photo courtesy of Google Image)

Monday, August 26, 2013

အခြေခံ Sponge Cake



Sponge Cake က layer Cake တွေအတွက်အဓိက အခြေခံကိတ်တစ်ခုပါ။ ရေမြုပ်အသားလို မုန့်သားမျိုးကြောင့် Sponge Cake လို့ခေါ်ကြတာပါ။ ဒီကိတ်ကို အခြေခံပြီး Cream နဲ့ အလွှာကိတ်ပေါင်းများစွာကို ပြုလုပ်ကြပါတယ်။ အထူးသဖြင့် မွေးနေ့ကိတ်တွေဟာ လှီးဖြတ်လွယ်တဲ့ Sponge ကိုအဓိက မုန့်သားအနေနဲ့ သုံးပြီး Cream မျိုးစုံပုံစံဖော်ပြီး အလှဆင်ကြပါတယ်။ Cream နဲ့ ကိတ်မုန့်လုပ်ချင်တဲ့ သူတွေဟာ ဒီမုန့်ကိုမသိမဖြစ် သိအောင်လုပ်မှ အဆင်ပြေနိုင်မှာပါ။

 (အပေါ်မှာပြထားတဲ့ ပုံလေးတွေက စာအုပ်ထဲမှာ ပါပါတယ်နော်။ sponge ကိတ်ကို သုံးပြီးလုပ်ထားတာလေးတွေပါ။ မုန့်တွေအားလုံးကို လုပ်နည်းအဆင့်ဆင့်နဲ့ စာအုပ်မှာပြထားပေးထားပါတယ်)

ပါဝင်ပစ္စည်းများ
  • ကြက်ဥ ၂ လုံး
  • ဂျုံ ၇၀ ဂရမ်
  • သကြား ၄၀ ဂရမ်
  • ဆီ ၁၅ ဂရမ်
  • Baking Powder – ၂ ဂရမ်
  • ဗနီလာအနံ့ ၂ စက်ခန့်


ပြုလုပ်နည်း

၁) Flour/ Baking powder ကိုဇကာချထားပါ။ ၈”x ၁၁” ဗန်းကို ဆီစိမ်စက္ကူခင်းထားပါ
၂)ကြက်ဥ နဲ့ သကြားကို ribbon like stage ဖြစ်တဲ့ အထိစက်နဲ့မွှေပါ၊ ဗနီလာအနံ့ကိုလည်း ထည့်မွှေပါ
 
၃) flour mixture ကို သမအောင် ဖြေးဖြေးမွှေပါ။ အရမ်းမွှေလို့မရပါ။
၎) နောက်ဆုံးမှ ဆီကို မုန့်သားနဲနဲရောမွှေကာ ကျန်မုန့်နှစ်များထဲလောင်းထည့်ပြီး အသာအယာ ထပ်မွှေပါ။
၅)  ရလာတဲ့ မုန့်နှစ်ကို ဆီစိမ်စက္ကူခင်းထားသော မုန့်ဗန်းထဲထည့် ၊ ၁၇၀ ဒီဂရီ oven မှာ ၁၄ မိနစ် 
 မိနစ်ကြာအောင်ဖုတ်ပေးပါ။ ပြီးရင် အအေးခံပါ။

 
ဒါဆိုရင်တော့ Swiss roll ပဲလိပ်လိပ်။ မွေးနေ့ကိတ်အတွက်ပဲသုံးသုံး လိုရာသုံးလို့ရတဲ့ အခြေံ Sponge Cake ရပါပြီ

Saturday, August 24, 2013

ကြက်ကုန်းဘောင်ကြော်

ထမင်းဖြူနဲ့ ဖြစ်ဖြစ် ကြက်ဥထမင်းကြော် လေးနဲ့ဖြစ်ဖြစ်တွဲစားလို့ အရသာရှိတဲ့ ကြက်ကုန်းဘောင်ကြော်လေးပါ။ ချက်ရတာလည်း မြန်ဆန်ပြီးလွယ်ကူပြီး တော်တော်များများချက်တတ်မယ်ထင်ပါတယ်နော်။ ကျွန်မကတော့ ကုန်းဘောင်ကြီးကြော်မှာ အဓိက အကျဆုံးက ငရုပ်သီးတောင့်ကြော်လို့ထင်ပါတယ်။ အဲဒီအနံ့က ကုန်းဘောင်ကြီးကို ပိုပြီးအရသာရှိစေတယ်လို့ထင်တာပါပဲ (ဒါက ကျွန်မရဲ့ အထင်သက်သက်ပါနော် :D )
ချက်နည်းလေး ကြည့်ကြရအောင်

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ပုံ တစ်ခု (သေးသေးလှီးပြီး ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပျာရည် အနောက်အနည်းငယ်နှင့် ၁၀မိနစ်ခန့်နှပ်ထားပါ)
  • ကြက်သွန်မိတ် ၁ ပင် (လက်တစ်ဆစ်ခန့်လှီးထားပါ)
  • မုန်လာဥနီ တစ်ဝက် (သေးသေးလှီးထားပါ)
  • ကြက်သွန်နီ (လေးစိတ်စိတ်ထားပါ)
  • ချင်း အနည်းငယ် (ဓါးပြားရိုက်ထားပါ)
  • ကြက်သွန်ဖြူ ၂ မွှာ (ခပ်ရှည်ရှည်လေး လှီးထားပါ)
ချက်နည်း
  1. ဆီစားပွဲဇွန်း ၃ ဇွန်းခန့်ကို အပူပေးပြီး ငရုပ်သီးထည့်ကြော်ပြီး ၂ မိနစ်ခန့်ကြာလျှင်ဆယ်ထားလိုက်ပါ။
  2. ထိုဆီကိုပဲသုံးကာ ကြက်သားများကို ထည့်ပြီး အပေါ်ယံတင်းလာအောင် ၃မိနစ်ခန့်ကြော်ပြီး ဖယ်ထားလိုက်ပါ
  3. ထို့နောက် ကြက်သွန်ဖြူ၊ချင်းကို အရင်ထည့်ကြော်ပါ။
  4. အနံ့မွှေးလာတာနဲ့ ကြက်သွန်နီ၊ ကြက်သွန်မိတ် အဖြူအရင်းနဲ့ မုန်လာဥနီများထည့်ကြော်ပါ။ဆားအနည်းငယ်ဖြူးပေးပါ။
  5. မီးပြင်းပြင်းနဲ့ကြော်ပြီး ၂ မိနစ်ခန့်ကြာလျှင် ကြက်သားများကို ပြန်ထည့်ပေးပါ။
  6. ခရုဆီစားပွဲဇွန်း တစ်ဇွန်းနဲ့ ပဲငံပျာရည် အကြည်စားပွဲဇွန်း ၂ ဇွန်း (ကျွန်မသုံးတဲ့ ပဲငံပျာရည်က ဆားပေါ့သော အမျိုးအစားပါ) ကိုထည့်မွှေပါ။
  7. နောက်ဆုံးမှ ငရုပ်သီးတောင့်၊ ကြက်သွန်မိတ်အစိမ်းရောင်ပိုင်း နဲ့ ငရုပ်ကောင်းအနည်းငယ်ကို ထည့်မွှေပေးပြီး ၁ ၂ မိနစ်လောက်ကြာရင် မီးပိတ်ပြီး သုံးဆောင်နိုင်ပါပြီ

ကြက်ဥထမင်းကြော်လေးနဲ့ လိုက်ဖက်လွန်းတာကြောင့် အများကြီးစားဖြစ်သွားပါတယ်