တစ်နေ့တစ်နေ့ဘာဟင်းချက်ရပါ့မလဲ ဆိုပြီးစဉ်းစားရတဲ့ ဒုက္ခက မသေးဘူးဆိုတာ အိမ်ရှင်မများ သိကြတဲ့ အတိုင်းပါပဲနော်။ ငယ်ငယ်ကဆိုရင်လဲ အမေအဲလိုညည်းနေတာကို ကြားဖူးနေကြပါ။ ကျွန်မတို့အိမ်မှာလည်း ဟင်းတွေက အမြဲတမ်းထပ်လေ့ရှိပါတယ်။ ကိုယ်တိုင် အိမ်ရှင်မဖြစ်လာတော့မှ အဲဒီကိစ္စကို တကယ်ခေါင်းခြောက်ရတော့တာ။ အလုပ်တစ်ဖက်နဲ့မို့ ရုံးပိတ်ရက် ၂ ရက်မှာပဲ ဟင်းချက်ဖြစ်တာတောင် ဟင်းကထပ်ချင်နေသေးတယ်။ အဲဒီတော့ အပြင်သွားရင်းနဲ့ စားကောင်းတာလေးတွေ့ရင် မှတ်ထား အိမ်မှာပြန်ချက်ပေါ့လေ။ ဒီက အစားအစာတွေဆိုတော့လည်း တရုပ်စာတွေပေါ့။
ဒါပေမယ့် ဒီကြံမဆိုင် ဟင်းလေးကတော့ ချဉ်ချဉ်စပ်စပ်နဲ့ ဗမာပါးစပ်နဲ့ ကိုက်ပါတယ်။လုပ်ရတာ မခက်ပဲ အချိန်တိုအတွင်းမှာ ချက်နိုင်တာမို့ တော်တော်အဆင်ပြေပါတယ်။ မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုးကိုသုံးနိုင်ပါတယ်။ ဒီမှာတော့ ကြက်သားကို သုံးပြထားပါတယ်။
(မှတ်ချက် ၊ ဗမာပြည်မှာလဲ မုန်ညှင်းချဉ်နဲ့ အမဲသား၊၀က်သားကြော်စားလေ့ရှိတယ်လို့ ကြားဖူးပါတယ်။ ကျွန်မကတော့ ခုမှစစားဖူးလို့ အရသာကို သိတာပါ။ အိမ်မှာက အဲလိုမုန်ညှင်းချဉ်ကို ကြော်စားလေ့မရှိတော့ အရသာကိုမသိခဲ့ပါဘူး)
ပါဝင်ပစ္စည်းများ
- ကြက်သား (သို့) ၀က်သား ၁၅၀ ဂရမ်
- ကြံမဆိုင် အချဉ် ၂၀၀ ဂရမ်
- ငရုပ်သီးအစိမ်း ၃ တောင့်ကို ၂ ပိုင်းစီလောက် ပိုင်းထားလိုက်ပါ (အစပ်မစားနိုင်ရင်လျော့ထည့်နိုင်ပါတယ်)
- ကြက်သားမှုန့် လက်ဖက်ရည် ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ပုံ
- ဆီ
ချက်နည်း
- ပထမဆုံး အသားတွေကို သေးသေးလေးတွေ လှီးထားပြီး ဆား၊ အချိုမှုန့် နယ်ထားပေးပါ
- ကြံမဆိုင်ကို ရေဆေးပြီး လက်တစ်လုံးစာလောက် လေးတွေလှီးထားပေးပါ (ကြံမဆိုင်က သိပ်ချဉ်သွားမှာစိုးလို့ ရေနဲ့ အရင်ဆေးထားလိုက်တာပါ)
- ပထမဆုံး ဆီ (စားပွဲဇွန်း ၄ ဇွန်းလောက်မှန်းခြေပေါ့) ကိုပူအောင်တည်ပြီး အသားတွေကို ထည့်ကြော်ပေးပါ။ အပေါ်ယံအရေခွံလေးတွေ တင်းလာပြီဆိုရင် ဆယ်ထားလိုက်ပါ။
- ပိုတဲ့ဆီတွေကိုခပ်ထုတ်ထားပြီး စားပွဲဇွန်း ၁ ဇွန်းလောက်သာချန်ထားလိုက်ပါ။ အဲဒီဆီကို အပူပေးပြီး မီးပြင်းပြင်းနဲ့ ကြံမဆိုင်များကို ထည့်ကြော်ပါ။ ဟင်းခတ်မှုန့်နဲ့ သကြားကို ပါထည့်ပြီး သမအောင်မွှေပေးပါ။
- ပြီးရင်ရေလက်ဖက်ရေပန်းကန်လုံးတစ်လုံးနီးပါးခန့်ကို ထည့်၊ မီးကိုနဲနဲလျော့၊ အဖုံးအုပ်ပြီး ကြံမဆိုင်နူးအောင် ၁၀မိနစ်လောက်ကြော်ပါ။
- ကြံမဆိုင်နူးရင် ကြော်ထားသော အသားနဲ့ ငရုပ်သီးကိုထည့်ပြီး ၂ မိနစ်လောက်ထပ်တည်ပေးပြီးရင် မီးပေါ်မှချလို့ရပါပြီ
ဒါဆိုရင်တော့ ထမင်းဖြူဖြူလေးနဲ့ တွဲစားလို့ လိုက်ဖက်လှတဲ့ ကြက်သားကြံမဆိုင်ကြော်ရပါပြီ။