Tuesday, August 30, 2011

Blog Day 2011 ( Tag post)


မနက်ဖြန်  သြဂုတ် ၃၁ မှာကျရောက်မယ့် ဘလော့ဒေး အတွက် အမှတ်တရလေးတွေရေးရ အောင်လို့ ညီမရို့စ်က တက်ဂ် လာတဲ့ အတွက် ရေးလိုက်တဲ့ပို့စ်လေးပါ။ ကျွန်မက စာရေးသိပ်မကောင်းပဲ စိတ်ကူးပေါ်သမျှတွေကို ရေးတတ်သလို၊ ရေးချင်သလို ချရေးဖြစ်တာများပါတယ်။ စာဖတ်တာကတော့ ငယ်ငယ်တုန်းကတည်းက သိပ်ဝါသနာပါပါတယ်။ စာတိုပေစတွေတော့ မရေးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဟိုး ၉ တန်း၊ ၁၀ တန်းလောက်ကတည်းက ကျွန်မကြုံတွေရတဲ့ အတွေ့အကြုံလေးတွေကို ငယ်သူငယ်ချင်းကို စာနဲ့သေချာရေးပြီး ပြောဖြစ်တယ်။ သေသေချာချာ ဆက်စပ်မိအောင် စာရေးပြီးပြောပြရတာကို ပိုသဘောကျခဲ့ဘူးတယ် အဲဒီထက်တော့ မပိုပါဘူး။

အဲဒီကနေကျွန်မ ၂၀၀၀ မှာ စင်္ကာပူကိုရောက်တယ်။ ကျောင်းစတက်ချင်းတော့ အိမ်ကိုရော သူငယ်ချင်းကိုပါ တွေ့ကြုံရသမျှတွေကို စိတ်လိုလက်ရစာတွေ ရေးပို့ဖူးတယ်။ နောက်တော့ တဖြည်းဖြည်း စာမရေးဖြစ်တော့ဘူး။ အဲလိုနဲ့နေလာလိုက်တာ ၂၀၀၈ ခုနှစ်မှာ ဘလော့ဆိုတာကိုရင်းနှီးလာခဲ့ပါတယ်။ တကယ်တော့ ကျွန်မသိတာက အတော်နောက်ကျနေပါပြီ။ အရင်တုန်းကတော့ ဘလော့ဆိုတာကို ကြားဖူးပြီး ဘာမှန်းသေချာမသိခဲ့ဘူး။ ဗမာလိုရေးတဲ့ ဘလော့တွေရှိလိမ့်မယ်ဆိုတာကို သတိမထားခဲ့မိဘူး။ ကျွန်မကို ဒီဘလော့လောကထဲရောက်အောင် စပြီး မိတ်ဆက်ပေးခဲ့တာ ကျွန်မ အမျိုးသားပေါ့။ ၂၀၀၈ မှာသူလည်း စပြီးဘလော့လုပ်နေပါပြီ (ခုတော့သူကမလုပ်သလောက်ပါဘဲ ၊ကျွန်မသာ ဘလော့စွဲပြီး ကျန်ခဲ့တာ :D ) ။ သူကမှတဆင့် တခြားဘလော့တွေလျောက်လည်ရင်းနဲ့ ကိုယ်တိုင်ရေးချင်စိတ်ပေါက်သွားပြီး ရေးဖြစ်ခဲ့တာလို့ ဆိုရပါမယ်။

အဲဒီမှာတင် ဟင်းချက်တဲ့ ဘလော့တွေကို သွားရင်း ဟင်းချက်နည်းသစ်တွေ သိလာလို့ ဘလော့ကို အင်မတန်မှသဘောကျသွားခဲ့တာပါ။ အဲဒီအချိန်မှာ ကျွန်မကလည်း မုန့်တွေစလုပ်နေတဲ့ အချိန်ဖြစ်နေပြီဆိုတော့ မုန့်လုပ်နည်းလေးတွေကို မျှဝေပေးဖို့ အကြံရလာပါတယ်။ ၀ါသနာတူတွေ အများကြီးရှိလာပြီး သိတာလေးတွေကို ဖလှယ်ရတာ တော်တော်ဝမ်းသာစရာကောင်းပါတယ်။ ဘလော့ ကနေပြီး ကျွန်မ မသိသေးတဲ့ ဟင်းချက်နည်းတွေ၊ မီးဖိုချောင်က နည်းလေးတွေဟာ အင်မတန်မှ အသုံးဝင်ပါတယ်။ တခြားအတွေ့အကြုံတွေ ၊ ဆောင်းပါးတွေရေးတဲ့ ဘလော့တွေကိုလည်း နှစ်သက်စွာနဲ့ ဖတ်တာပါဘဲ။ ဒါပေမယ့် ကျွန်က ကွန်မန့်ကို အမြဲတမ်းမရေးဖြစ်ခဲ့ပါဘူး။ တစ်ခါတစ်လေမှသာပေးဖြစ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း ဘာပေးရမှန်းမသိတာနဲ့ ဖတ်ပြီး တိတ်တိတ်လေးပြန်သွားတာမျိုးတွေလည်းရှိတာပေါ့နော်။

ခုနောက်ပိုင်းတော့ တခြားလုပ်စရာကိစ္စလေးတွေ ပေါ်လာတာနဲ့ ဘလော့ချိန်ကို လျော့ရပါတယ်။ အဲဒါကြောင့်နောက်ပိုင်းမှာ အရေးကျဲသွားတာပါ။ ဒါတောင် အချိန်လေးရရင် ရသလိုတော့ အပြေးအလွှားဖတ်သေး၊ ရေးသေး တာပါဘဲ။ နောက်လည်း အခွင့်အရေးရသမျှတော့ ရေးနေဦးမှာပါ :-) ။ နောင်ကိုလည်း အစားအသောက်နဲ့ ပတ်သက်သော၊အလှအပရေးရာနဲ့ ပတ်သက်သောဘလော့များစွာ ပေါ်လာလိမ့်ဦးမယ်လို့လဲ မျှော်လင့်မိပါတယ် ။အားလုံးသော ဘလောဂါများကိုလည်း ပျော်ရွှင်စရာ ဘလော့နှစ်ပတ်လည်ဖြစ်ပါစေလို့ နှုတ်ဆက်လိုက်ပါတယ်။

2 comments:

သီရိရတနာ said...

。☆。*。☆。。☆。*。☆。。☆。*。☆。
(¯`·´¯)...............。 ☆。*。☆。
`·., (¯`·´¯)..........★。\|/。★
(¯`·´¯).·´(¯`·´¯)...♥ Happy Blog Day 2011 ♥
..` ·.·´(¯`·´¯).....★。/|\。★
...............`·., (¯`·´¯)........。☆。*。☆
........................(¯`·´¯)
……`.·..·´
...·´
●/
/▌
/ \

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျော်စရာ ဘလော့ဒေးဖြစ်ပါစေနော်
ဟင်းတွေလဲ များများ ချက်နိုင်ပါစေလို့း)