Saturday, April 21, 2012

ကြက်သားကြံမဆိုင်ကြော်



တစ်နေ့တစ်နေ့ဘာဟင်းချက်ရပါ့မလဲ ဆိုပြီးစဉ်းစားရတဲ့ ဒုက္ခက မသေးဘူးဆိုတာ အိမ်ရှင်မများ သိကြတဲ့ အတိုင်းပါပဲနော်။ ငယ်ငယ်ကဆိုရင်လဲ အမေအဲလိုညည်းနေတာကို ကြားဖူးနေကြပါ။ ကျွန်မတို့အိမ်မှာလည်း ဟင်းတွေက အမြဲတမ်းထပ်လေ့ရှိပါတယ်။ ကိုယ်တိုင် အိမ်ရှင်မဖြစ်လာတော့မှ အဲဒီကိစ္စကို တကယ်ခေါင်းခြောက်ရတော့တာ။ အလုပ်တစ်ဖက်နဲ့မို့ ရုံးပိတ်ရက် ၂ ရက်မှာပဲ ဟင်းချက်ဖြစ်တာတောင် ဟင်းကထပ်ချင်နေသေးတယ်။ အဲဒီတော့ အပြင်သွားရင်းနဲ့ စားကောင်းတာလေးတွေ့ရင် မှတ်ထား အိမ်မှာပြန်ချက်ပေါ့လေ။ ဒီက အစားအစာတွေဆိုတော့လည်း တရုပ်စာတွေပေါ့။

ဒါပေမယ့် ဒီကြံမဆိုင် ဟင်းလေးကတော့ ချဉ်ချဉ်စပ်စပ်နဲ့  ဗမာပါးစပ်နဲ့ ကိုက်ပါတယ်။လုပ်ရတာ မခက်ပဲ အချိန်တိုအတွင်းမှာ ချက်နိုင်တာမို့ တော်တော်အဆင်ပြေပါတယ်။ မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုးကိုသုံးနိုင်ပါတယ်။ ဒီမှာတော့ ကြက်သားကို သုံးပြထားပါတယ်။ 

(မှတ်ချက် ၊ ဗမာပြည်မှာလဲ မုန်ညှင်းချဉ်နဲ့ အမဲသား၊၀က်သားကြော်စားလေ့ရှိတယ်လို့ ကြားဖူးပါတယ်။ ကျွန်မကတော့ ခုမှစစားဖူးလို့ အရသာကို သိတာပါ။ အိမ်မှာက အဲလိုမုန်ညှင်းချဉ်ကို ကြော်စားလေ့မရှိတော့ အရသာကိုမသိခဲ့ပါဘူး) 


ပါဝင်ပစ္စည်းများ
  • ကြက်သား (သို့) ၀က်သား ၁၅၀ ဂရမ်
  • ကြံမဆိုင် အချဉ်  ၂၀၀ ဂရမ်
  • ငရုပ်သီးအစိမ်း ၃ တောင့်ကို ၂ ပိုင်းစီလောက် ပိုင်းထားလိုက်ပါ (အစပ်မစားနိုင်ရင်လျော့ထည့်နိုင်ပါတယ်)
  • ကြက်သားမှုန့် လက်ဖက်ရည် ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ပုံ
  • ဆီ


ချက်နည်း
  1. ပထမဆုံး အသားတွေကို သေးသေးလေးတွေ လှီးထားပြီး ဆား၊ အချိုမှုန့် နယ်ထားပေးပါ
  2. ကြံမဆိုင်ကို ရေဆေးပြီး လက်တစ်လုံးစာလောက် လေးတွေလှီးထားပေးပါ (ကြံမဆိုင်က သိပ်ချဉ်သွားမှာစိုးလို့ ရေနဲ့ အရင်ဆေးထားလိုက်တာပါ)
  3. ပထမဆုံး ဆီ (စားပွဲဇွန်း ၄ ဇွန်းလောက်မှန်းခြေပေါ့) ကိုပူအောင်တည်ပြီး အသားတွေကို ထည့်ကြော်ပေးပါ။ အပေါ်ယံအရေခွံလေးတွေ တင်းလာပြီဆိုရင် ဆယ်ထားလိုက်ပါ။
  4. ပိုတဲ့ဆီတွေကိုခပ်ထုတ်ထားပြီး စားပွဲဇွန်း ၁ ဇွန်းလောက်သာချန်ထားလိုက်ပါ။ အဲဒီဆီကို အပူပေးပြီး မီးပြင်းပြင်းနဲ့ ကြံမဆိုင်များကို ထည့်ကြော်ပါ။ ဟင်းခတ်မှုန့်နဲ့ သကြားကို ပါထည့်ပြီး သမအောင်မွှေပေးပါ။
  5. ပြီးရင်ရေလက်ဖက်ရေပန်းကန်လုံးတစ်လုံးနီးပါးခန့်ကို ထည့်၊ မီးကိုနဲနဲလျော့၊ အဖုံးအုပ်ပြီး ကြံမဆိုင်နူးအောင် ၁၀မိနစ်လောက်ကြော်ပါ။
  6. ကြံမဆိုင်နူးရင် ကြော်ထားသော အသားနဲ့ ငရုပ်သီးကိုထည့်ပြီး ၂ မိနစ်လောက်ထပ်တည်ပေးပြီးရင် မီးပေါ်မှချလို့ရပါပြီ

ဒါဆိုရင်တော့ ထမင်းဖြူဖြူလေးနဲ့ တွဲစားလို့ လိုက်ဖက်လှတဲ့ ကြက်သားကြံမဆိုင်ကြော်ရပါပြီ။

 

6 comments:

Cameron said...

ဒီနေ့ပဲ အိမ်မှာ ကြံမဆိုင်ကို ၀က်ရိုးနဲ့ ဟင်းချိုလုပ်သောက်တယ် ...ခေါက်ဆွဲကြော်စားတော့ အတော်ပဲဖြစ်သွားတယ်...။ အဲလို ကြက်သားနဲ့ ကြော်စားတာမျိုးလည်းကြိုက်တယ်...။ သူ့တမျိုးတည်းနဲ့ ထမင်းစားတာတောင်ကောင်းတယ်...။

Unknown said...

ထမင်းဖြူလေး နဲ.စားကောင်းလွန်းလို. အားလုံးစားသွားပြီးနော်...း)

mstint said...

ကြက်သားချက်နည်း အမျိုးပေါင်းစုံ မှတ်ထားတဲ့အထဲမှာ ဒီကနေ့တော့ နည်းအသစ်တစ်ခု တိုးသွားပြီ
ကျေးဇူးပါ Evy ရေး) သေချာမှတ်သွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ဗိုက်ဆာလို့ စားသွားပါတယ်...အိမ်ရောက်မှ မဒမ်လွင်ပြင်ကို ချက်ခိုင်းရမယ် ကျေးဇူးပါနော်

Candy said...

အဲ့ဒါ ကန်ဒီအရမ်းကြိုက်တာ.. ကြံမဆိုင်ကို ဘယ်လိုလုပ်လုပ်ကြိုက်တယ် သရေကျသွားတယ် :D

suyi nandar said...

အမ evy ရေ..အရမ်းစားလို့ကောင်းတယ်..ချဉ်ချဉ်..ချိုချို..စပ်စပ်လေး.အိမ်မှာဝက်သားပဲရှိလို့ ၀က်သားနဲ့ပဲချက်လိုက်တယ်.thks you so much sis.