Friday, March 21, 2014

မြေပဲဆော့စ်ငါးပေါင်း






ငါးပေါင်းလို့ဆိုလိုက်တာနဲ့ ဗမာငါးသလောက်ပေါင်း၊ တရုပ်လိုငါးကို ၀ိုင်၊ ပဲငံပျာရည်များနဲ့ ပေါင်းထားတဲ့ ငါးပေါင်းမျိုးကိုသာအများစုမြင်ယောင်မိမယ်လို့ ထင်ပါတယ်။ အခု လုပ်ပြထားတဲ့ ငါးပေါင်းကတော့ ရိုးရိုးငါးပေါင်းကို မြေပဲအနှစ်ဆမ်းထားတဲ့ ငါးပေါင်းပါ။ မြေပဲရဲ့ အဆိမ့်အရသာနဲ့ ငါးအသားလွှာ အရသာပေါင်းစပ်ထားတာကတော့ ဘယ်လိုငါးပေါင်းမျိုးနဲ့မှ မတူနိုင်ပါဘူး။ မြေပဲဆော့ကိုလည်း အရသာလေးပင်စေရန်အတွက် ပဲပုပ်အမှုန့်နဲနဲ ရောထည့်ထားတာကြောင့် အရသာလည်း တစ်မျိုးထူးတာပါပဲ။ အချဉ်အစပ်ကြိုက်သူများအတွက်တော့ ဒီလိုငါးပေါင်းမျိုးကတော့ နဲနဲအီစေမယ်ထင်ပါတယ်။ ဒါပေမယ့်လည်း စမ်းကြည့်သင့်တဲ့ ဟင်းလျာတစ်မျိုးဖြစ်တာ ကြောင့် လုပ်နည်းကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်။ အရိုးနဲသော မိမိနှစ်သက်ရာ ငါးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။

ဖော်ပြထားတဲ့ ငါးပေါင်းအတွက်တော့ တီလားပီးယားငါးကို သုံးပါတယ်။ ဒီက တီလားပီးယား ငါးက အရိုးနဲပြီး ဒိုက်အနံ့မရှိတာကြောင့် သုံးရတာ အဆင်ပြေပါတယ်။

ပါဝင်ပစ္စည်းများ

တီလားပီးယား ငါး - ၁ ကောင်
မြေပဲမှုန့် - ဟင်းချက်ရာတွင် သုံးသော ခွက်တစ်ဝက်
ပဲပုပ်မှုန့် - လက်ဖက်ရည် ၁ ဇွန်း
ဆား - သင့်ရုံ
ကြက်သွန်ဖြူဆီချက် စားပွဲဇွန်း ၁ ဇွန်းခန့်
ငရုပ်သီးတောင့် အနည်းငယ်



မြေပဲဆော့လုပ်နည်း

ဆီစားပွဲဇွန်း ၃ ဇွန်းခန့်ကိုအပူပေးကာ မြေပဲမှုန့်၊ ပဲပုပ်မှုန့်များကို ရောကာဆီသတ်ပါ။ ငရုပ်သီးအရောင်တင် လက်ဖက်ရည် ၁ ဇွန်းခန့်ထည့်ကာ ဆားသင့်ရုံထည့်မွှေပါ။ ညှပ်ထားသော ငရုပ်သီးစိမ်းကိုလည်း ထည့်မွှေပါ။ မြေပဲဆော့စ် အသင့်ဖြစ်ပါပြီ



ချက်နည်း

ငါးကို အညှီနံ့ပျောက်စေရန်အတွက် မန်ကျီးသည့်မှည့်ဖြင့်ဆေးထားလိုက်ပါ။
ထို့နောက် ဓါးရာပေးက ဆား အနည်းငယ်ဖြူးပြီး ၁၀ မိနစ်ခန့်နှပ်ပါ။
ရေနွေးအိုးကို ဆူအောင်တည်ကာ ပေါင်းရန်အသင့်ဖြစ်ပါစေ။
ဟင်းချက်ဆန်ဝိုင်စားပွဲဇွန်း ၁ ဇွန်း၊ ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း၊ သကြားလက်ဖက်ရည် ၁ဇွန်း ကိုရောမွှေကာ ငါးပေါ်လောင်းချပြီး ချင်း၊ကြက်သွန်ဖြူထည့်ကာ ပေါင်းပေးပါ။
၁၀ မိနစ်ခန့်ပေါင်းပြီးလျှင် ငါးကိုအခြားပန်းကန်တစ်ခုထဲတွင် ပြောင်းထည့်ပြီး မြေပဲဆော့ဆမ်း၊ ဆီချက်ဖြူးကာ သုံးဆောင်နိုင်ပါပြီ

No comments: