Thursday, April 17, 2014

ငါးကြော်နှပ်






ထမင်းမြိန်မြိန်စားနိုင်စေဖို့ ကူညီပေးမယ့် ပင်လယ်စာဟင်းပွဲကတော့ ငါးကြော်နှပ်ပါပဲ။ ဒီငါးဟင်းလေးအတွက်ကိုတော့ ခရမ်းချဉ်သီးခပ်များများသုံးပြီး အစပ်အရသာရစေဖို့အတွက် ငရုပ်သီးတောင့်လေးများကို ခပ်ပါးပါးညှပ်ကာ အသုံးပြုထားပါတယ်။ သာမန်ငါးကြော်နှပ်များလို အချိုချည်းသပ်သပ်မဟုတ်ပဲ ခရမ်းချဉ်သီးနဲ့ ငရုပ်သီးအရသာကြောင့် ချဉ်စပ်အရသာဖက်ကို နဲနဲတိမ်းပါတယ်။ ကြက်သွန်နီအကွင်းကြီးများကို ထည့်ကာနူးအောင်ချက်ထားတာကြောင့် အနှစ်အရသာကို ပိုမိုကောင်းမွန်စေပါတယ်။ ဒီဟင်းပွဲအတွက် ငါးကိုကြွပ်နေအောင်အရင် ကြော်ပြီးမှ အရသာဝင်အောင် ပြန်ချက်ရတာကြောင့် အချိန်နဲနဲတော့ ပေးရပါတယ်။ ဒါပေမယ့် အရသာကတော့ အရမ်းကောင်းတာကြောင့် အချိန်ကုန်ရကြိုးနပ်မယ့် ဟင်းတစ်ခွက်လို့ညွှန်းချင်ပါတယ်။

ပါဝင်ပစ္စည်းများ

ငါးတစ်ကောင် (သို့) တစ်ဝက် (နှစ်သက်ရာငါးတစ်မျိုးမျိုးကို သုံးနိုင်ပါတယ်)
ခရမ်းချဉ်သီး အကြီး ၂ လုံး (အကွင်းလိုက်လှီးထားပါ)
ငရုပ်သီးတောင့်အနီ ၃ တောင့် (ပါးပါးလှီးပါ)
ကြက်သွန်နီ ဥကြီး ၂ ဥ  (အကွင်းလိုက်လှီးထားပါ)
ဆား - သင့်ရုံ
ကြက်သားမှုန့် လက်ဖက်ရည် ၁ ဇွန်းစာ

ချက်နည်း

ငါးကို ဆား၊ဆနွင်း များနှင့် နာရီဝက်ခန့်နှပ်ကာ ဆီပူပူမှာ ကြွပ်လာအောင်ကြော်ပြီး ဆယ်ထားပါ။
ဆီစားပွဲ ၂ ဇွန်းကို ပူလာအောင် အပူပေးကာ ကြက်သွန်နီနှင့် ခရမ်းချဉ်သီး နှင့် ငရုပ်သီးများကို ဆီသတ်ပါ။
ထို့နောက် ကြော်ပြီးသားငါးကိုထည့်ကာ ကြက်သားမှုန့်ပါထည့်ကာ သမအောင်မွှေပါ။
ငါးငံပျာရည် သင့်ရုံထည့်ပါ။
၁၀မိနစ်ခန့်အဖုံးဖုံးကာ တည်ပြီးနောက် ငါးကိုအခြားတစ်ဖက်လှန်ပေးကာ နောက်ထပ် ၁၀မိနစ်ခန့်တည်ပါ။
အရမ်းခြောက်လျှင်ရေစားပွဲဇွန်း ၂ ဇွန်းခန့်ထည့်နိုင်ပါသည်။
အရသာရှိသော ငါးကြော်နှပ်ကို သုံးဆောင်နိုင်ပါပြီ


No comments: