Saturday, January 31, 2015

ပဲကြာဇံကြော်




မြန်ဆန်ပြီးအရသာရှိလှတဲ့ ပဲကြာဇံကြော်ကတော့ အချိန်ပြည့်အလုပ်လုပ်ရတဲ့ အိမ်ရှင်မတွေအတွက် အဆင်ပြေမှာ အသေအချာပါ။ ကိုယ်တိုင်ကလည်း အလုပ်တစ်ဖက်နဲ့ အိမ်ရှင်မ ဖြစ်တာကြောင့် ဒီလိုခေါက်ဆွဲကြော်မျိုးလေးတွေက ရုံးတက်ရက်ညနေခင်းတွေမှာ မကြော်မဖြစ်ကြော်ရတဲ့ စာရင်းထဲမှာထည့်ရပါတယ်။ ပုစွန်၊ကြက်သား ကြက်ဥမျိုးစုံကိုထည့်ထားတာကြောင့် အရသာကတော့ ပြောဖွယ်ရာမရှိပါဘူး။ ဒီလို ပဲကြာဇံကြော်နည်းကို အရင်ကလည်း ရေးခဲ့ဖူးပါတယ်။ ခုတစ်ခေါက်မှာတော့ ပါဝင်ပစ္စည်းများကို အနည်းငယ်ပြောင်းလဲကာ ကြော်ပြပေးထားပါတယ်။ ငရုပ်ကောင်းနဲ့ နှမ်းဆီပါထည့်ထားတာကြောင့် ပူပူမွှေးမွှေးနဲ့ ပိုပြီးအရသာရှိပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ - ၇၅ ဂရမ်
  • ကြွက်နားရွက်မှို - အနည်းငယ်
  • ဂေါ်ဖီ- အနည်းငယ်
  • ကိုက်လံ- ၂ ချောင်း
  • ပုစွန် ၁၀ကောင်
  • ကြက်သားအနည်းငယ် - သေးသေးလှီးကာ ပဲငံပျာရည်ဆားနဲ့နယ်ထားပါ
  • ကြက်ဥ ၁ လုံး
  • ငရုပ်ကောင်း- အနည်းငယ်
  • နှမ်းဆီ - အနည်းငယ်
  • ခရုဆီ - စားပွဲဇွန်း ၁ ဇွန်း
  • ပဲငံပျာရည်- စားပွဲဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မွှာ - ဓါးပြားရိုက်ထားပါ


ကြော်နည်း

1.       ပဲကြာဇံ၊ မှိုခြောက်များကို ရေစိမ်ထားပါ။
2.       ဆီစားပွဲဇွန်း ၁ ဇွန်းကို ပူအောင်တည်ပြီး ကြက်ဥကိုမွှေကြော်ကာ ဆယ်ထားပါ
3.       ဆီအနည်းငယ် ထပ်ထည့်ကာ ကြက်သွန်ဖြူကို မွှေးလာအောင်ကြော်ပါ။ ပြီးရင် ကြက်သားထည့်ပြီး အရောင်ပြောင်းအောင်ကြော်ပါ။
4.       အသင့်ပြင်ထားသော ကိုက်လံ၊ ပုစွန်၊ ဂေါ်ဖီများကို ၁ မိနစ်ခန့်ကြော်ပါ
5.       ထို့နောက်ပဲကြာဇံ၊ မှိုများကို ထည့်ကြော်ပါ
6.       ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်းခွဲ၊ ပဲငံပျာရည် အနောက် လက်ဖက်ရည်ဇွန်း ထက်ဝက်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ခရုဆီများထည့်ပြီး သမအောင်မွှေကြော်ပေးပါ။
7.       ချခါနီးမှ ငရုပ်ကောင်း နှမ်းဆီမွှေးထည့်မွှေပါ။ အရသာရှိသော ပဲကြာဇံ အသင့်ဖြစ်ပါပြီ။

1 comment:

Aunty Tint said...

အတော်ပဲ တီတင့်က ဆန်ကြာဇံကြော်ထက် ပဲကြာဇံကြောင်ကိုပိုကြိုက်တယ်။ နည်းလေးအတွက် ကျေးဇူးနော်။