Monday, January 26, 2015

ချောကလက် Mille Crepes






အလွှာပေါင်းများစွာပါဝင်တဲ့ ကိတ်လုပ်နည်းတစ်ခုပါ။ ရိုးရိုးကိတ်တွေလိုမျိုး oven မွှေစက်စတာတွေ အသုံးပြုစရာမလိုပဲ မီးဖိုနဲ့ ဒယ်အိုးတစ်ခုရှိရင် အလွှာကိတ်လုပ်တာပြည့်စုံပါပြီ။ အရသာကတော့ ပြောပြရင် ပြည့်စုံနိုင်မယ် မထင်တာကြောင့် ကိုယ်တိုင်လုပ်စားကြည့်ဖို့ကို တိုက်တွန်းပါတယ်။ စားဖူးတဲ့သူတိုင်း သဘောကျတဲ့ ကိတ်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒီမုန့်အတွက်သုံးထားတဲ့ ခရင်မ်ကတော့ ရိုးရိုး Whipping Cream နဲ့ ခရင်မ်ချိစ် ၂ မျိုးကိုတွဲသုံးထားပါတယ်။ မုန့်သားတစ်ထပ် ခရင်မ်တစ်ထပ်နဲ့ အလွှာပေါင်းများစွာပြုလုပ်ထားတာကြောင့် ဆိမ့်ပြီးအရသာရှိလှပါတယ်။ ကော်ဖီခါးခါးတစ်ခွက်နဲ့ ဒီမုန့်လေးတစ်စိတ်နဲ့ ပြီးပြည့်စုံတဲ့ နေ့လည်ခင်းဖြစ်မှာကို အသေအချာအာမ ခံပါတယ်ရှင်။
မုန့်လုပ်ဖို့ အဓိကကျတဲ့ ပစ္စည်းကတော့ မကပ်တဲ့ ဒယ်အိုးပါ။ အဲဒါသိပ်အရေးကြီးပါတယ်နော်။ မဟုတ်ရင်တော့ ပါးလွှာတဲ့ မုန့်သားကို မရပဲအိုးကပ်တာနဲ့တင်ပစ်ရပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ (၇ လက်မဗန်းဆိုဒ် အလွှာ ၂၂ ခုစာ)

  • ·         နွားနို့ - ၂၂၅ ဂရမ်
  • ·         ကြက်ဥ ၂ လုံး
  • ·         ဆားလက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ·         ဂျုံ - ၅၅ ဂရမ်
  • ·         ပေါင်ဒါသကြား - ၃၀ ဂရမ်
  • ·         ကိုကိုးပေါင်ဒါ - ၁၀ ဂရမ်
  • ·         ထောပတ် ၃၀ ဂရမ်- အရည်ပျော်အောင်လုပ်ထားပါ




ထောပတ်မှလွဲပြီး ကျန်ပစ္စည်းများအားလုံးကိုရောမွှေပါ။  သမသွားလျှင် စကာစစ်ပြီး မိနစ် ၃၀ ခန့်ဒီတိုင်းထားပေးပါ။  ထောပတ်အရည်ကို မုန့်လုပ်ကာနီးမှထည့်မွှေပါ။
၇လက်မဒယ်အိုးကို အပူပေးကာ မုန့်နှစ်ကို ယောက်ချိုဇွန်း တစ်ဝက်ခန့်ခပ်ကာ လောင်းပေးပါ။
လောင်းရင်းမှ ပြန့်သွားအောင် တစ်ခါတည်းလုပ်သွားပါ။ ခပ်မြန်မြန်လုပ်ရပါမယ်။
တစ်မိနစ်ခန့်နေလျှင် မုန့်သားရပါပြီ။
ကျန်မုန့်နှစ်များကို ထိုနည်းအတိုင်းဆက်လုပ်သွားပါ။
မုန့်သားပါးနိုင်သမျှပါးပါးရလေကောင်းလေပါ။



ခရင်မ်အတွက်
·         ခရင်မ်ချိစ် - ၂၀၀ ဂရမ် (ပျော့သွားအောင် မွှေထားပါ)
·         Non Dairy Whipping Cream - ၂၀၀ ဂရမ် (Soft peak ရောက်အောင် မွှေထားပါ)
·         နို့ဆီ စားပွဲဇွန်း ၂ ဇွန်း
ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေကာ ရေခဲသေတ္တာထဲတွင် မသုံးမချင်းသိမ်းထားပါ

ကိတ်ပြင်ဆင်ခြင်း
မုန့်သားပထမအလွှာကို ကိတ်လုပ်သည့် ဗန်း (သို့) ပန်းကန်ပေါ်တွင်တင်ပါ။
ထို့နောက် အသင့်ပြင်ထားသော ခရင်မ်ပါးပါးသုတ်လိမ်းပါ။
ဒုတိယ မုန့်သားကိုတင်ပါ။ ခရင်မ်လည်းဆက်တင်ပေးပါ။
ကျန်မုန့်သားနှင့် ခရင်မ်များကိုထိုနည်းအတိုင်း ကုန်အောင်ပြုလုပ်သွားပါ။
ရေခဲသေတ္တာထဲတွင် ၄ နာရီခန့်အနည်းဆုံးထားပြီးမှ သုံးဆောင်ပါ။

1 comment:

Aunty Tint said...

တော်လိုက်တာ .... ပါရမီထူးတယ်လို့ဆိုရမယ် ♥♥♥