Sunday, October 7, 2012

Almond ချောကလက်ကိတ်


ဒီကိတ်မုန့်လေးကို ၀ါကျွတ်ကန်တော့ဖို့ မုန့်တစ်မျိုးအနေနဲ့ FOOD Magazine မှာထည့်သွင်းဖော်ပြပေးခဲ့ပါတယ်။ ဒီလို Almond Flakes လေးတွေနဲ့ မုန့်လုပ်တဲ့ပုံစံလေးတော့ FB က ညီမလေးတစ်ယောက်စီက ရခဲ့တာပါ။ မုန့်သားကတော့ ကိုယ့်ဘာသာစပ်ထားတဲ့ လုပ်နည်းလေးပါ။ ထောပတ်ကိတ်ဆိုပေမယ့်လို့ မုန့်သားပျော့ပျော့လေးနဲ့ တော်တော်စားလို့ကောင်းပါတယ်။



 ******************************************************************
ဒီမုန့်လေးကလည်း ၀ါကျွတ်ကန်တော့မယ်ဆိုရင် သင့်တော်တဲ့မုန့်လေးတစ်မျိုးပါဘဲ။ အချိုနည်းပြီး မုန့်သားက သိပ်ကိုနူးညံ့တဲ့အတွက် လူကြီးတွေနဲ့အထူးသင့်တော်ပါတယ်။ ခရင်မ်မပါပေမဲ့ မုန့်ကသူ့ဟာနဲ့သူကို အရသာရှိနေတာပါ။ အိမ်လုပ်မုန့်နဲ့ဆိုင်လုပ် ကွာခြားချက်ကတော့ လတ်ဆတ်မှုပါဘဲ။ လတ်လတ်ဆတ်ဆတ်မုန့်ကို စားရရင်တော်ရုံကိတ်မုန့်မကြိုက်သူတောင်မှ ကြိုက်သွားနိုင်ပါတယ်။ ဒါ့အပြင် လုပ်တဲ့သူကိုယ်တိုင်က ရောင်းတန်းလိုမဟုတ်ပဲ စေတနာ၊ မေတ္တာအပြည့်နဲ့ လူကြီးတွေကို ကန်တော့ဖို့ရည်ရွယ်ပြီးလုပ်တဲ့မုန့်ဆိုတော့ ပြောစရာမလိုအောင်ကောင်းသွားမှာပေါ့နော်။ ကိတ်မုန့်ပေါ်မှာလည်း Almond Flake လေးတွေဖြူးထားတော့ ချောကလက်ပေါ်မှာ အဖြူရောင်လေးတွေကြဲထားသလိုဖြစ်ပြီး အင်မတန်မှ မျက်နှာပန်းလှသော မုန့်လည်းဖြစ်ပါတယ်။
လုပ်နည်းလေးကြည့်ရအောင်

ပါဝင်ပစ္စည်းများ
  • ထောပတ် ၁၂၀ ဂရမ်
  • သကြား ၁၀၀ ဂရမ်
  • ဂျုံ ၁၀၀ ဂရမ်
  • ကိုကိုးမှုန့် စားပွဲဇွန်း ၂ ဇွန်းမောက်မောက်
  • ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည် ၁ ဇွန်း
  • ကြက်ဥ ၂လုံး
  • နို့စိမ်း စားပွဲဇွန်း ၃ ဇွန်း



လုပ်နည်းအဆင့်ဆင့်
  1. ၆လက်မ အချင်းရှိမုန့်ဖုတ်မယ့်ခွက်ကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။
  2. ဂျုံ၊ ပွဆေး နဲ့ ကိုကိုး မှုန့်ကို စကာ ချထားပါ
  3. သကြားနဲ့ ထောပတ်ကို ပွအောင်မွှေပါ
  4. ကြက်ဥကို တစ်လုံးချင်းစီ သမအောင် ထည့်မွှေပေးပါ။
  5. ဂျုံ နဲ့ နို့ကို သကြားထောပတ်အရောထဲ ထဲ့မွှေပေးပါ။ အရင်တုန်းက လုပ်နည်းတွေအတိုင်း ဂျုံ- နို့-ဂျုံ-နို့-ဂျုံ အစီအစဉ်အတိုင်းထည့်မွှေပေးပါ
  6. ပြီးရင် မုန့်ဖုတ်မယ့် ခွက်ထဲကို ထည့်ပြီး ၁၆၀ ဒီဂရီမှာ ၃၅ မိနစ် ဖုတ်ပေးပါ။
  7. အာဗင်မှထုတ်ပြီး အအေးခံပြီးရင် မုန့်လေးအဆင်သင့်ဖြစ်ပါပြီ။

    

Thursday, October 4, 2012

Sambal Fried Fish





Sambal Fried Fish

ဒီငါးဟင်းကတော့ ဗမာ့ရိုးရာ ငါးဟင်းနဲ့ နဲနဲဆင်ပါတယ်။ ငါးကိုကြော်ပြီး Sambal လို့ခေါ်တဲ့စပါးလင်ထောင်းငရုပ်နှစ်နဲ့တွဲချက်ထားလို့ ဗမာပါးစပ်နဲ့တော်တော် အဆင်ပြေပြီး စားလို့ကောင်းတဲ့ ဟင်းတစ်ခွက်ပါ။ ဒါပေမယ့် ဗမာဟင်းလို ဆီကိုသိပ်အသားမပေးပဲ ငရုပ်နှစ်ကို အသားပေးထားတာတော့ ကွာခြားပါတယ်။ စပါးလင်နံ့သင်းတဲ့ ငါးကြော်ချက်ကလေးကို ငါးဟင်းအစိုမစားချင်တဲ့ အချိန်မှာ အပြောင်းအလဲ စမ်းချက်ကြည့်သင့်ပါတယ်။ ပါတဲ့ပစ္စည်းလေးတွေကလည်း အလွယ်တကူရနိုင်သော ပစ္စည်းတွေမို့ အိမ်ရှင်မတွေအတွက် မခက်ခဲတဲ့ ဟင်းလေးတစ်ခွက်ပါပဲ

ပထမဆုံးငါးနဲ့ တွဲချက်ဖို့ ငရုပ်နှစ်ကို အရင်ပြင်ဆင်ရပါမယ်။

Sambal ငရုပ်နှစ်

  • ငရုပ်ပွအတောင့် ၁၂တောင့်
  • ငရုပ်သီးအနီအသေး ၄ တောင့်
  • ကြက်သွန်ဥကြီး ၁ ဥ
  • စပါးလင် အသေး ၁ချောင်း
  • ငါးပိ ကွမ်းသီးလုံးခန့် ၂ လုံး
  • သကြား စားပွဲဇွန်တစ်ဇွန်း
  • သံပုရာသီးအသေး (ပုံပါအရွယ်လေးများ) ၃ လုံး
  • ဆနွင်း လက်ဖက်ရည် ၁ ဇွန်း
  • ငရုပ်သီးမှုန့် လက်ဖက်ရည် ၂ ဇွန်း
  • ဆီဇွန်းကြီး ၂ ဇွန်းခန့်

ပြင်ဆင်နည်း
  1. ငရုပ်သီးများ၊စပါးလင်၊ကြက်သွန်နီနဲ့ ငါးပိကိုရောကြိတ် (သို့) ထောင်းပါ
  2. ဆီကိုအပူပေးပြီး ထောင်းထားသည်များကို ဆီသတ်ပါ
  3. သကြား၊ အရောင်တင်၊ ဆနွင်း များကိုလည်း တစ်ပါတည်း ထည့်မွှေပေးပါ
  4. ဆီပြန်လာရင် သံပုရာသီး ၃ လုံးကို အရည်ညှစ်ထည့်ပေးပြီးရင် ငရုပ်နှစ်အဆင်သင့်ဖြစ်ပါပြီ

ငရုပ်နှစ်အသင့်ဖြစ်ပြီဆိုတော့ ငါးဟင်းစချက်လို့ရပါပြီ
ငါးဟင်းအတွက်ပါဝင်ပစ္စည်းများ
  • ငါး ၂၅၀ ဂရမ်
  • ကြက်သွန်နီအကြီး ၁ ဥ (အကွင်းလိုက်လှီးပေထားပါ)
  • အချိုမှုန့် အနည်းငယ်
  • သကြား စားပွဲဇွန်း ၁ ဇွန်း

  1. ငါးကို Sambal အနှစ်နဲ့ နာရီဝက်ခန့်နှပ်ပြီး ဆီပူပူမှာ ကြွပ်နေအောင်ကြော်ထားပေးပါ
  2. အိုးအသန့်တစ်ခုမှာ ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး ကြက်သွန်နီကို ဆီသတ်ပေးပါ
  3. ကြက်သွန်နီ နွမ်းရင် Sambal အနှစ် စားပွဲဇွန်း ၃ ဇွန်းထည့်၊ သကြား၊့ အချိုမှုန့် နဲ့ရေ နဲနဲထည့်ပြီး ဆူလာအောင်တည်ပေးပါ။
  4. ၂မိနစ်လောက်နေရင် ချပြီး ငါးကြော်ပေါ်ဆမ်းပြီး သုံးဆောင်ပါ။

Tuesday, October 2, 2012

ပုဇွန်ကွေကာကြော်/ Cereal Prawn





ခုချက်ပြမယ့်ဟင်းလေးကတော့ စင်္ကာပူက စားသောက်ဆိုင်တော်တော်များများမှာရတဲ့ ပုဇွန်ဟင်းပါ။ ပုဇွန်ကို Cereal နဲ့ကြော်ထားတဲ့ဟင်းအသစ်ကလေးတစ်မျိုးပေါ့။ ထောပတ်ကိုသုံးပြီး ပျဉ်းတော်သိမ်ရွက်ကလေးတွေပါထည့် ကြော်ထားတာမို့ ထောပတ်နံ့သင်းသင်းနဲ့ အရသာတစ်မျိုးထူးပါတယ်။ Cereal လေးတွေကလည်း ချိုဆိမ့်ဆိမ့်နဲ့ စားလို့ကောင်းပါတယ်။ ဒါပေမယ့် ဆမ်းစားစရာ အနှစ်မပါတာမို့ ထမင်းနဲ့စားတာမျိုးထက် appetizer လိုမျိုးစားတာကပိုပြီးအဆင်ပြေမယ်လို့ ထင်တယ်။ ပြင်ဆင်ရတာလဲ လွယ်ပြီးဟင်းစမ်းချက်ချင်တဲ့ သူငယ်ချင်းတွေနဲ့ စုပြီးလုပ်စားလို့ကောင်းတဲ့ ဟင်းတစ်မျိုးပေါ့။ ဟင်းအဆန်းချက်ချင်တဲ့ စာဖတ်သူတွေအတွက် လွယ်ကူရိုးရှင်းတဲ့ လုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • ပုဇွန်တုပ် ၆ ကောင်
  • Cereal တရုပ်ထမင်းပန်းကန် ၁လုံးခွဲခန့်
  • ကြက်ဥ ၁ လုံး
  • ပျဉ်းတော်သိမ်ရွက် အနည်းငယ်
  • ထောပတ်

     

 
ပြုလုပ်နည်း
  • ပုဇွန်ကို အခွံမခွာပဲ ခေါင်းဖြတ်၊ ကျောခွဲပြီး သန့်စင်ပေးထားပါ
  • ကြက်ဥကိုခေါက်ပြီး ဆီများများနဲ့ ကြွပ်နေအောင် မွှေကြော်ပါ။ ၅ မိနစ်နီးပါးလောက်ကြာပါလိမ့်မယ်။ ကြက်ဥတွေကြွပ်လာရင် ဆယ်ထားပြီးဖယ်ထားလိုက်ပါ။
  • ထောပတ်စားပွဲဇွန်း ၂ ဇွန်းကို အပူပေးပြီး ပုဇွန်ကိုအရောင်ရဲလာအောင်ကြော်ပေးပြီး ဆယ်ထားပါ။
  • ထောပတ်စားပွဲဇွန်း ၄ ဇွန်းကိုအပူပေးပြီး ပျဉ်းတော်သိမ်များကိုကြော်ပေးပါ။
  • တဆက်ထည်းမှာလည်း cereal ထည့်ပြီး အဆက်မပြတ်မွှေပေးပါ။
  • သကြားလက်ဖက်ရည် ၃ ဇွန်း၊ အချိုမှုန့် အနည်းငယ်နဲ့ ဆားလက်ဖက်ရည် ၁ ဇွန်းကိုလည်း ထည့်မွှေပေးပါ။ ၂ မိနစ်လောက်နေရင် ကြော်ထားတဲ့ပုဇွန်ကြော် နဲ့ ကြက်ဥအကြွပ်ကြော်ကို ထည့်မွှေပေးပြီး ၁ မိနစ်လောက်နေရင် ချပြီး သုံးဆောင်ပါ။