Saturday, June 30, 2012

စင်္ကာပူစတိုင် ငါးကြော်ဟင်းချို



ဒီဟင်းလေးက စင်္ကာပူက စားသောက်ဆိုင် food court တွေမှာ အလွယ်တကူတွေ့နိုင်တဲ့ ဟင်းချိုတစ်မျိုးပါ။ ဒီကလူနေမှုစနစ်အရ အိမ်မှာချက်စားဖို့ အချိန်မရှိကြပဲ food court တွေကို အားကိုးရပါတယ်။ ဈေးနှုန်းတွေကလည်း သာမန်လူတန်းစားအားလုံး နေ့တိုင်းစားနိုင်တဲ့ဈေးမို့လို့ တော်တော်အဆင်ပြေတယ်လို့ ဆိုရပါမယ်။ အဲလို food court တွေမှာ သူ့ဆိုင်နဲ့သူအမယ်မတူတဲ့ ဟင်းတွေကိုရောင်းချပေးပါတယ်။ ဆန်ပြုတ်ချည်းပဲရောင်းတဲ့ဆိုင်တို့ အနောက်တိုင်းအစားအစာ၊ ဂျပန်၊ကိုရီးယား အစုံပါပဲ။ အဲဒီအထဲမှာမှ ကျွန်မအနှစ်သက်ဆုံးက ငါးနဲ့ပတ်သက်တဲ့ ဟင်းချိုတွေပဲရောင်းတဲ့ဆိုင်ပါ။

ငါးအသားလွှာဟင်းချို၊ ငါးတုံယမ်းဟင်းချို၊ ငါးကြော်ဟင်းချို စသဖြင့်ဟင်းချိုအစုံရပြီး  ထမင်း (သို့) နန်းလတ်လို အဖတ်များနဲ့ တွဲစားကြပါတယ်။ အသီးအရွက်၊ တို့ဟူး၊ ငါး အစုံပါလို့ ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ ပိုပြီး ကျန်မာရေးလိုက်စားတဲ့ သူတွေအတွက်ကတော့ ငါးအသားလွှာဟင်းချိုဟာ အသင့်တော်ဆုံးပဲ ဖြစ်ပါလိမ့်မယ်။ အဆီကို လုံးဝမပါသလောက်မို့လို့ပါ။ ဒါပေမယ့်လည်း ကျွန်မကတော့ ဒီငါးကြော်ဟင်းရည်ကိုပိုပြီး နှစ်သက်တယ်။ နို့လေးထည့်ထားတဲ့ ဟင်းရည်လေးကလည်း ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိလှပါတယ်။



ပါဝင်ပစ္စည်းများ

  • ငါး - နှစ်သက်သလောက်
  • တို့ဟူးဖြူ အနည်းငယ် (အတုံးသေးလေးတွေတုံးထား)
  • ခရမ်းချဉ်သီး ၁ လုံး (စိတ်ထားပေးပါ)
  • မုန်ညှင်း အနည်းငယ်
  • နို့စိမ်း စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ရေ ၇၀၀ မီလီလီတာ
  • Knorr ငါးအခဲ ၁ ခဲ


ပြင်ဆင်ပုံ
  • ငါးကို လက်၂လုံးထူလောက်အတုံးသေးသေးတုံးထား ပြီးအကြော်မှုန့်နှစ်ပြီး ဆီပူပူမှာကြော်၊ ဆီစစ်ထားပေးပါ။
  • ဟင်းရည်အတွက် ရေ ၇၀၀ မီလီလီတာနဲ့ ခနော ငါးအခဲကို ဆူပွက်အောင်တည်ပေးပါ။
  • ဆူရင် နို့စိမ်းထည့် အသီးအရွက် နဲ့ တို့ဟူး၊ ငါးကြော်များကို ထည့်ပြီး ပြန်ဆူအောင်တည်ပေးပါ
  • ၃ မိနစ်လောက်ကြာ်ရင် မီးပေါ်မှချလို့ရပါပြီ
  • ငရုပ်ကောင်းမှုန့်လေး နဲနဲဖြူးပြီး ထမင်းဖြူလေးနဲ့ သုံးဆောင်ပါ
  • သူနဲ့လိုက်ဖက်တဲ့ အချဉ်ကတော့ ဘိတ်ချဉ်လိုမျိုးလေးပါ။ ငရုပ်သီးကိုပါးပါးလှီး၊သကြားလက်ဖက်ရည်တစ်ဇွန်း၊ ပဲငံပျာရည်အကြည် စားပွဲဇွန်းတစ်ဇွန်း နဲ့ ရေ စားပွဲဇွန်း ၁ ဇွန်းကိုရောမွှေပေးလိုက်ရင် အချဉ်လေးအဆင်သင့်ဖြစ်သွားပါပြီ။

 

7 comments:

Unknown said...

Evy ရေ- ဟင်းရည်လေးသောက်သွားတယ်နော်...း)

Shinlay said...

ငါးဆို ကြိုက်ပါတယ်။

MK said...

စားကောင်းမယ့်ပုံကြီး။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ. ငါးလဲ ကျော်ထားတာဆိုတော့လေ။ ဟင်းချိုလေး ချက်ပါဦး နေ.တိုင်း အော်နေတဲ့ အိမ်က ယောကျာ်းကို ဒါလေး ချက်ကျွေးကြည့်ဦးမယ်။
ကျေးဇူးနော် Evy ရေ။ အတော် စားကောင်းမယ့်ပုံပဲ :)

mstint said...

စင်္ကာပူစတိုင်လေး စမ်းချက်ကြည့်မယ် Evy ရေ။
ဟင်းတစ်မယ်အတွက် ကျေးဇူးနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြဝတီဇော် said...

မအိရေ...စင်္ကာပူစတိုင် ငါးဟင်းချိုလေး လာရောက် အားပေးသွားပါတယ်။ :)

Alice said...

Look very good! Healthy soup !

Nyo said...

အစ်မရေ
အရမ်းကောင်းတာပဲ။