စင်္ကာပူကနာမည်ကြော် ခေါက်ဆွဲကြော်ထဲမှာ Hokkien Mee လည်းအပါအ၀င်ပါပဲ။
ကျွန်မ
စင်္ကာပူကိုရောက်ခါစက အဲဒီခေါက်ဆွဲကို အထူးအဆန်းအနေနဲ့ သဘောကျပြီး
ခေါက်ဆွဲကြော်ပုံကြော်နည်းကို ခဏခဏရပ်ကြည့်ခဲ့ဘူးတာကို ပြန်ပြီးသတိရမိတယ်။ ဒီ
Hokkien ခေါက်ဆွဲကလည်း နေရာဒေသလိုက်ပြီး (မလေးရှား KL မှာချက်တဲ့နည်းကာ တစ်မျိုးပါ) ချက်ပြုတ်နည်း နဲနဲကွာပါတယ်။ ခုကျွန်မချက်မယ့် နည်းကတော့ စင်္ကာပူမှာသုံးတဲ့နည်းပါ။
အဓိက ကတော့ပင်လယ်စာပေါ့နော်။ အသားပါတာကို သဘောကျတယ်ဆိုရင် ၀က်သားသုံးထပ်သားကို
ပြုပ်ပြီး ခပ်သေးသေးပါးပါးလေးတွေ လှီးထည့်နိုင်ပါတယ်။
လုပ်နည်းလေးကို
ကြည့်ကြရအောင်။ ခုရေးပြမယ့် အချိုးအစားတွေက တစ်ယောက်စာပါ။
- ဂျုံခေါက်ဆွဲ အ၀ါ ၁၀၀ ဂရမ် (မကပ်အောင်ဖွထားပါ)
- နန်းလတ် ၁၀၀ ဂရမ် (မကပ်အောင်ဖွထားပါ)
- ပုဇွန် ၄ ကောင်
- ပြည်ကြီးငါးအနည်းငယ်
- ကျူဆိုင် ၂ ပင် (တစ်လက်မခွဲလောက်ရှည်ရှည်လေးတွေလှီးထား)
- ကြက်သွန်ဖြူ ၃ မွှာ (နုတ်နုတ်စဉ်းထားပါ)
- ကြက်ဥ ၁ လုံး
- ပုဇွန် ဟင်းရည် ၃၅၀ မီလီလီတာ (တရုပ်ထမင်းစားပန်းကန်လုံး ၂ လုံးခန့်)
- ငံပျာရည် လက်ဖက်ရည် ၁ ဇွန်း
- ငရုပ်ကောင်း အနည်းငယ်
- နှမ်းဆီ အနည်းငယ်
ပုဇွန်ဟင်းရည်ချက်နည်း
ပထမဆုံး ပုဇွန်တွေကို
အခွံခွာပြီး သန့်ရှင်းရေးလုပ်ထားလိုက်ပါ။ အဲဒီပုဇွန်ခေါင်းနဲ့ အခွံတွေနဲ့
ပုဇွန်ဟင်းရည်ပြန်ချက်ပါမယ်။
ပုဇွန်အခွံအားလုံးကို ဆီ (စားပွဲဇွန်း ၁ဇွန်းခန့်)ပူပူမှာ ခဏလှော်လိုက်ပြီး
အနီရောင်သမ်းလာတာနဲ့ ရေတရုပ်ပန်းကန်လုံးနှစ်လုံးခွဲကို ထည့်ပေးလိုက်ပါ။
မီးအေးအေးနဲ့ နာရီဝက်လောက်တည်ရင် ပုဇွန်ဟင်းရည်ရပါပြီ။ အဲဒီအရည်ပမာဏဟာ
၃၅၀မီလီလီတာလောက်တော့ကျန်ရပါမယ်။ အခွံတွေကို စစ်ထုတ်လိုက်ပြီး ကြက်သားအဆီ (Knorr
ကထုတ်တဲ့ အဆီ) ထမင်းစားဇွန်း ၁ ဇွန်းကို ရောမွှေပေးထားလိုက်ပါ။
ခေါက်ဆွဲမကြော်ခင်
ပုဇွန်နဲ့ ပြည်ကြီးငါးကိုလည်း ရေဆူဆူမှာ ၁ မိနစ်လောက်ပြုပ်ပေးလိုက်ပါဦး။
ပြီးရင်ပြည်ကြီးငါးကိုလှီး ပြီး ပုဇွန်နဲ့ရောထားလိုက်ပါ။
ခေါက်ဆွဲစကြော်ရအောင်
- ဆီစားပွဲဇွန်း ၁ ဇွန်းခွဲ နဲ့ နှမ်းဆီနဲနဲ ကိုပူအောင်တည်ပြီး နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူများကို ထည့်ပေးပါ။
- ကြက်သွန်ဖြူနံ့လေးမွှေးလာတာနဲ့ ကြက်ဥကိုထည့်မွှေပေးပါ
- ခေါက်ဆွဲ ၂ မျိုးလုံးကိုတပြိုက်နက်ထည့်ပေးပြီး မီးပြင်းပြင်းမှာ ၂ မိနစ်ခန့်ကြော်ပါ။
- ပြီးရင် ခုနကအသင့်ပြင်ထားတဲ့ ပုဇွန်အရည် သုံးပုံ ၁ပုံကို ထည့်ပေးပြီး အရည်တွေခမ်းသွားအောင် ကြော်ပါ။ နောက်ထပ် သုံးပုံ၁ ပုံကိုထပ်ထည့်ပြီး အိုးကို အဖုံးအုပ်ထားပါ။ အရည်တွေခမ်းလာပြီဆိုရင် နောက်ဆုံးကျန်တဲ့ သုံးပုံတစ်ပုံ နဲ့ ပင်လယ်စာ၊ ကျူဆိုင်တွေကို ထည့်ပေးပါ။ ငံပျာရည်၊ ငရုပ်ကောင်း လည်း တစ်ခါတည်းထည့်မွှေပေးပြီး အရည်နဲနဲကျန်တဲ့အနေမှာ ချပြီးသုံးဆောင်ပါ။
- ဆမ်းဘားဆော့စ်၊ သုံပုရာရည်ညှစ်လိုက်ရင်တော့ ပိုပြီးအရသာရှိသော Hokkein ခေါက်ဆွဲရပါပြီ။
8 comments:
Sis,
looks delicious, i also like Hokkien Mee.
will try to cook on coming weekends :)
thanks for sharing :D
Sis,
it looks delicious, i always read all ur post.
will try this on coming weekends!
thanks for sharing :D
It looks delicious! You have a great blog !
စင်္ကာပူ Hokkien Mee ခေါက်ဆွဲကြော်မှာ ထူးခြားတာက ခေါက်ဆွဲနှစ်မျိုး ပေါင်းကြော်တာရယ် ပုစွန်ဟင်းရည်ပြန်လုပ်ပြီး အသုံးပြုတာလေးတွေ စိတ်ဝင်စားတယ် Evy ရေ။ စမ်းကြော်စားကြည့်မယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကြိုက်တယ်။ လုပ်စားဦးမယ် မအိရေ။
ဆိုင်မှာစားရင် oyster တွေပါလို့ မကြိုက်ဘူးရယ်။ ဒါပေမယ့် တချို့ဆိုင်တွေက ပန်ကန်းပြားပေါ်မှာ ဖက်ကလေးတွေ ခင်းပေးတယ်နော်။ ဖက်နံ့လေးသင်းနေတာလေး ကြိုက်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဟာကိုယ်ချက်စားကြည့်ဦးမယ်။ ချက်နည်းအတွက် ကျေးဇူး မအိရေ။
လာလည်ပြီးစားသွားတယ်နော်သမီး
စားချင်တယ်...လာလည်တာ ဗိုက်ဆာလိုက်တာ :)
ကြိုက်တယ်တော့
Post a Comment