Tuesday, May 28, 2013

ပင်မှည့်သီးချိစ်ကိတ်




ကျွန်မတို့ဆီမှာ ပင်မှည့်သီးတွေက အချိန်မရွေးရလေ့ရှိပါတယ်။ ဒီလတော့ ချိစ်ကိတ် စုစည်းမှုလုပ်တာကြောင့် အလွယ်တကူရတဲ့ ပင်မှည့်သီးကို အသုံးချပြီး ပင်မှည့်သီးချိစ်ကိတ်ကို ဖန်တီးလိုက်ပါတယ်။ အရင်လို ဗန်းအကြီးနဲ့ မလုပ်ပဲ ခွက်အသေးလေးတွေကို သုံးပြီးလုပ်ပြထားပါတယ်။
လုပ်ရတဲ့ အဆင့်ဆင့်တွေကတော့ ချိစ်ကိတ် အကြီးထက် နဲနဲလေးပိုများပါတယ်။ ချိစ်ကိတ်အကြီး မလုပ်ချင်တဲ့ အခါမျိုးမှာ ဒါမျိုးလေးဆိုရင်လည်း အပြောင်းအလဲလေးပေါ့။

ပါဝင်ပစ္စည်းများ
·         Oreo ဘီစကစ်လေးများ (ချိစ်ကိတ်အောက်ခံအတွက် လုပ်နေကျ Digestive biscuit ကိုမသုံးပဲပြောင်းထားပါတယ်)
·         ၂၀၀ ဂရမ် ခရင်မ်ချိစ်
·         ထောပတ် ၄၀ ဂရမ်
·         Sour cream ၂၀ ဂရမ်
·         Whipping cream ၆၀ ဂရမ်
·         ကြက်ဥအနှစ် ၁ ခု
·         ဂျုံစားပွဲဇွန်း  လေးပုံ ၃ ပုံ
·         သံပုရာသီးတစ်စိတ်
·         ကြက်ဥအကာ ၁ခု
·         သကြား ၄၀ ဂရမ်
·         ပင်မှည့်သီးအနှစ် (ပင်မှည့်သီး တစ်လုံးကို ထန်းလျက် အသေး ၄ ခဲနှင့်ကျိုထားပါ)

ပြင်ဆင်နည်း
စက္ကူခွက်လေးများထဲကို oreo biscuit လေးတွေကို အရင်ဖိထည့်ထားလိုက်ပါ
ခရင်မ်ချိစ်ကို double boiler မှာတင်ပြီး ချောလာအောင် မွှေပေးပါ
ထောပတ်ထည့်ပြီး သမအောင် ထပ်မွှေပါ
နောက်တစ်ဆင့်အနေနဲ့ sour cream & whipping cream ပါထည့်မွှေပါ။
နောက်ဆုံးမှ ကြက်ဥအနှစ်ကိုထည့်မွှေပါ။ ရလာတဲ့ ခရင်မ်ချိစ်မုန့်နှစ်ကို ဘေးဖယ်ထားလိုက်ပါ


ကြက်ဥအကာ တစ်ခုနဲ့ သကြားကို သံပုရာရည် အနည်းငယ်ညှစ်ပြီး soft peak ရောက်အောင်မွှေပေးပါ။
ခုနက ရထားတဲ့ ချိစ်မုန့်နှစ်ထဲကို ထည့်မွှေပေးပါ။ ဒါဆိုရင်တော့ မုန့်ဖုတ်ဖို့ အသင့်ဖြစ်ပါပြီ

မုန့်နှစ်တွေကို အသင့်ပြင်ထားတဲ့ ခွက်လေးတွေထဲ တစ်ဝက်အရင်ထည့်ပါ။
အသင့်လုပ်ထားတဲ့ ပင်မှည့်သီးအနှစ် အနည်းကိုထည့်ပြီး ချိစ်အနှစ်ထပ်ထည့်ပါ
ဗန်းတစ်ခုထဲမှာ ရေခံကာ oven ရဲ့ အနိမ့်ဆုံး အပူချိန်မှာ ထားပြီး ၁ နာရီကြာအောင် ဖုတ်ပေးပါ။
ရလာရင် အအေးခံပြီး လုံးဝအေးမှ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၂ နာရီကြာအောင်ထားပေးပါ။
သုံးဆောင်ကာနီးမှ ပင်မှည့်သီးအနှစ်အပေါ်မှ ထပ်ဆမ်းပေးပါ။





1 comment:

Thinn Sabai said...

ပုံလေးတွေ အများကြီးပါတယ်.. ပျော်လိုက်တာ..