Wednesday, June 5, 2013

Biscotti






ဒီတစ်ခါတော့ Biscotti လို့ခေါ်တဲ့ မုန့်လေးပါ။ အလွယ်ပြောရမယ်ဆိုရင်တော့ အင်္ဂလိပ်မုန့်ကြွပ်ပေါ့။ အီတလီနိုင်ငံက စပြီးလုပ်ခဲ့တယ်လို့ သိရပါတယ်။ ပုံစံက ခပ်ရှည်မျောမျာနဲ့ Almond စေ့ကို အဓိကထားသုံးထားတဲ့ မုန့်ပါ။ မုန့်ရဲ့နာမည်က လက်တင်စကားလုံးတစ်ခုဖြစ်တဲ့ biscoctus ဆင်းသက်လာပြီး အဓိပါယ်ကတော့ Twice baked - ၂ ခါဖုတ်ထားတဲ့ မုန့်လို့ဆိုပါတယ်။ ဘယ်သူတွေကပဲ စပြီးလုပ်လုပ် စားလို့တော့ တစ်မျိုးကောင်းတာ သေချာပါတယ်။ မုန့်လုပ်နည်းလေးကို ကြည့်လိုက်ကြရအောင်

ပါဝင်ပစ္စည်းများ


  • Almond စေ့ ၂၀၀ ဂရမ် (ကျွန်မက Walnut နဲ့အစားထိုးထားပါတယ်)
  • ဂျုံ ၂၁၅ ဂရမ်
  • သကြား (Caster Sugar) - ၉၀ ဂရမ်
  • ဆားအနည်းငယ်
  • ဆိုဒါ ၂.၅ ဂရမ်
  • ကြက်ဥ ၂ လုံး
  • ကြက်ဥအကာ တစ်ခု (ခေါက်ထားပါ - မုန့်ပေါ်သုတ်ရန်)


လုပ်နည်း အဆင့်ဆင့်
Almond စေ့အစိမ်းဆိုရင် လှော်ပြီး ခပ်ကြမ်းကြမ်းလေး စိတ်ထားလိုက်ပါ
ကြက်ဥကလွဲပြီး ကျန်ပစ္စည်းများအားလုံးကို ရောမွှေပါ

နောက် ကြက်ဥများကိုထည့်ကာ သမအောင်မွှေပြီး ဂျုံသားရအောင်နယ်ပါ
နောက်ဆုံးမှ Almond များကို ထည့်ပေးပါ
ရလာတဲ့ ဂျုံသားကို ၂ ပိုင်းအညီအမျှခွဲကာ ဗန်းပေါ်တင်ကာ ခပ်ရှည်ရှည်မျောမျောမုန့်ပုံသွင်းပေးပါ။
ကြက်ဥရည်သုတ်ကာ ၁၈၀ ဒီဂရီ အပူပေးထားသော Oven မှာ မိနစ် ၂၀ ဖုတ်ပေးပါ
မုန့်ကိုထုတ်ကာ Oven်ကို အပူချိန် ၁၄၀ ဒီဂရီထိလျော့ပေးပါ

ရလာတဲ့ မုန့်ပူပူကို ဓါးထက်ထက်နဲ့ လှီးပေးပြီး Oven ထဲပြန်ထည့်ကာ နောက်ထပ် ၂၅ မိနစ်ဖုတ်ပေးပါ။
ရလာတဲ့မုန့်များကို အအေးခံပြီးရင် သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

No comments: