Thursday, March 27, 2014

ပုဇွန်ဆားဘဲဥကြော်




သာမန်ပုဇွန်ဟင်းများကနေ နဲနဲခွဲထွက်ထားတဲ့ ပုဇွန်ကြော်လေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အငံအရသာအတွက် ဆားဘဲဥကိုသာ သုံးထားပြီး ပျဉ်းတော်သိမ်နိုင်နိုင်သုံးထားတာကြောင့် အနံ့လည်း မွှေးလှပါတယ်။ ထမင်းဆီဆမ်းလေးနဲ့ တွဲစားလိုက်ရင် အလွန်လိုက်ဖက်ပြီး ထမင်းမြိန်စေပါတယ်။ ဘဲဥ အပြင် နွားနို့်လေးပါ ထည့်ကြော်ထားတာကြောင့် ငံငံဆိမ့်ဆိမ့်အရသာက ပုဇွန်ထဲကို စိမ့်ဝင်နေပြီး အရသာတစ်မျိုးထူးခြားနေပြန်ပါတယ်။ ချက်နည်းလေးလဲ မခက်တာကြောင့် ပြန်လည်လုပ်စားနိုင်စေဖို့ ပြန်ပြီး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပုဇွန် အလတ် - ၁၀ ကောင်
ပျဉ်းတော်သိမ် - အရွက်၂၀ခန့်
ဆားဘဲဥ ၁ လုံး - ပြုပ်ထားပြီး သေးသေးလှီးထားပါ
နွားနို့စားပွဲဇွန်း - ၂ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်းတစ်ဝက်
ကြက်ဥ ၁လုံး
ငရုပ်သီးတောင့်အနီ - ၂ တောင့်
ဆီစားပွဲဇွန်း ၂ ဇွန်း
ထောပတ် - စားပွဲဇွန်း ၁ ဇွန်းစာ
ပြောင်းကော်မှုန့် စားပွဲဇွန်း ၃ ဇွန်း
 


ပြုလုပ်နည်း
ပုဇွန်များကို ကြောခွဲသန့်စင်ကာ ပြောင်းကော်မှုန့် လူးလိုက်ပါ။
ဆီကိုအပူပေးကာ ထောပတ်ထည့်ကြော်ပါ။ ထောပတ်ပျော်လျှင် ပုဇွန်များအားထည့်ကြော်ပါ
၂ မိနစ်ခန့်ကြာလျှင်ဆယ်ထားလိုက်ပါ။
ကျန်သောဆီနှင့် ခေါက်ထားသော ရိုးရိုးကြက်ဥကို ကြွပ်လာအောင်ကြော်ပြီး ဆယ်ထားလိုက်ပါ။
ထို့နောက် ပျဉ်းတော်သိမ် နှင့် သေးသေးလှီးထားသော ငရုပ်သီးများကို ထည့်ကြော်ပါ
၁ မိနစ်ခန့်ကြာလျှင် ဆားဘဲဥများကို ထည့်ကြော်ကာ နွားနို့ကိုပါထည့်ပေးပါ။
ထို့နောက်ကြော်ပြီးသားပုဇွန်များကို ထည့်မွှေကာ ဆားဘဲဥ၊နွားနို့အရသာများဝင်စေရန် ၃ မိနစ်ခန့်ကြော်ပေးပါ။
သကြားကိုလည်းဖြူးထည့်ကာ သမအောင်မွှေပါ။
နောက်ဆုံးမှ ကြက်ဥအကြွပ်ကြော်ကိုရောမွှေလိုက်ရင်တော့ စားဖို့အသင့်ဖြစ်ပါပြီ။

1 comment:

suyi nandar said...

အမပျဉ်းတော်သိမ် ဘယ်ချိန်ထည့် ရ မှာလဲဟင်။ ဘယ်လောက် လောက်ထည့်ရမလဲ