Tuesday, July 8, 2014

ဗီယက်နမ် ကြက်သားခေါက်ဆွဲ





Pho ဟုခေါ်သော ဗီယက်နမ်ခေါက်ဆွဲကလည်း အများစုအကြိုက်တွေ့နိုင်မယ့် ခေါက်ဆွဲတစ်မျိုးပါပဲ။ ဆီလုံးဝမပါပဲ အသီးအရွက်များများထည့်စားရတာကြောင့် ကျန်းမာရေးအတွက်ညီညွတ်ပါတယ်။ အမဲသားသုံးပြီးချက်နိုင်သလို ကြက်သားကိုလည်း သုံးနိုင်ပါတယ်။ ဒီလုပ်နည်းမှာတော့ ကြက်သားကိုသုံးပြထားပါတယ်

ပါဝင်ပစ္စည်းများ
  • ကြက်တစ်ခြမ်း (ခုတ်ထားပြီးသား)
  • သစ်ဂျပိုးခေါက်တစ်ခု
  • ကြက်သွန်နီဥကြီး ၁ ဥ (ခပ်ကြီးကြီးစိတ်ထားပါ)
  • ချင်း လက်တစ်ဆစ်စာ (အခွံသင်ထားပါ)
  • နာနတ်ပွင့် ၂ ခု
  • နံနံစေ့ (Coriander Seed) အနည်းငယ်
  • ငရုပ်ကောင်းစေ့ အနည်းငယ်
  • ပဲငံပျာရည်အကြည် စားပွဲဇွန်း ၃ ဇွန်း
  • ငါးငံပျာရည် စားပွဲဇွန်း ၂ ဇွန်း
  • ဆားအနည်းငယ်
  • သကြားစားပွဲဇွန်း ၁ ဇွန်း
  • ရေ ၂ လီတာ





ချက်နည်း

  • ကြက်အရိုးအသားများကို ပါဝင်ပစ္စည်းများအားလုံးနှင့်ရောကာ ရေ နဲနဲနှင့်အရင်စပြီးပြုပ်ပါ။ ရေဆူလာလျှင် ကျန်သောရေများကိုထပ်ထည့်ကာ မီးနဲနဲဖြင့် ၁ နာရီခန့်တည်ပါ။ အပေါ့အငံကိုညှိပေးပါ။ 
  • ကြက်သားအသားများကို ဆယ်ထားပြီး အသားမျှင်များဖြစ်အောင် ဖဲ့ထားပေးပါ။
  • ဆန်ခေါက်ဆွဲအသေးကို ပြုပ်ကာအသင့်ပြင်ထားပါ။
  • ပင်စိမ်းရွက်၊ ပဲပင်ပေါက်များကို အသင့်ပြင်ထားပါ။
  • တွဲဖက်စားသုံးရန်အတွက် ကြက်သွန်နီဥကြီး၂ ဥကို ပါးပါးလှီးပြီး ငရုပ်သီးအနီများကိုထောင်းထားပါ။
  • ဟင်းပွဲပြင်ရန်အတွက် ခေါက်ဆွဲ၊ ကြက်သွန်နီ၊ ပင်စိမ်းရွက်၊ပဲပင်ပေါက်များထည့်ကာ ပွက်ပွက်ဆူနေသောဟင်းရည်ဖြင့်တွဲဖက်သုံးဆောင်ပါ။ အစပ်ကြိုက်လျှင် ငရုပ်သီးထည့်နိုင်ပြီး သံပုရာရည်ညှစ်ကာ သုံးဆောင်နိုင်ပါပြီ။
  • ဆော့အဖြစ် ငရုပ်ဆီ၊ Hoisin ဆော့စ် ၂မျိုးရောကာ တွဲဖက်သုံးဆောင်လေ့ရှိကြပါတယ်

1 comment:

သက်ဝေ said...

ဒီဟာ မိုက်တယ်... ဗီယက်နမ်ဆိုင်မှာ သွားစားရင် ဒါပဲ အမြဲ စားဖြစ်တာ... အခုတော့ အိမ်မှာ လုပ်စားလို့ ရသွားပြီ... သိပ်မခက်ဖူးပဲ... နော်...။ ကျေးဇူး ညီမ... <3