Tuesday, November 23, 2010

ပူရီ နဲ့ သီးစုံပဲကုလားဟင်း


ပူရီလာပါပြီ။ လုပ်စားတာကတော့ အရင်တစ်ပတ်ထဲကပါ။ ဒါပေမယ့် မုန့်တွေကို တလှည့်စီ တင်နေရတာနဲ့ ပူရီအလှည့်ကို ခုမှကျပါတယ်။ ပူရီကို စပြီး စားဖူးတာ အသက် ၁၄၊ ၁၅ လောက်မှပါ။ အမေတို့ ဆေးခန်းကို ညနေပိုင်းလိုက်သွားရင်း နဲ့ အဲဒီ အနီးတစ်ဝိုက်က မုန့်တွေကိုတစ်ခါတစ်လေ စားလေ့ရှိပါတယ်။ ပူရီဆိုင်ကလည်း ဆေးခန်းနားတစ်ဝိုက်မှာပါပဲ။ အဲဒီမှာတင် စပြီး စားရင်းနဲ့ကြိုက်သွားတာ။


စလုံးရောက်လာတော့ Mustafa ရောက်တိုင်းလိုလို ပူရီစားဖြစ်တယ်။ ဒါပေမယ့် ဒီက ပူရီတွေက ခပ်ထူထူမာမာ ကြီးတွေ။ ဗမာပြည်မှာလို့ ခပ်ပါးပါးသေးသေးတွေမဟုတ်လို့ စားလို့မကောင်းလှပါဘူး။ ခက်တာက ကိုယ်တိုင်လဲ မလုပ်တတ်ဆိုတော့ အရသာသိပ်မကောင်းသော်ငြားလည်း အလွမ်းပြေဆိုပြီး စားရတာပါဘဲ။ အဲဒီတုန်းကလည်း Blog တွေဘာတွေ မသိသေးတော့ စားချင်တာကို လုပ်နည်းလဲဘယ်နားရှာရမှန်းမသိသေးဘူးလေ။ ခုနောက်ပိုင်း ကျမှ blog တွေ ထဲမှာ လုပ်နည်းတွေကိုတွေ့ပြီး တစ်ခုပြီး တစ်ခု မရပ်မနားလုပ်စားတော့တာပဲ။ တရုပ်၊ ဗမာ၊ အဂ်လိပ်စာ တစ်ခုမှမကျန်ဘူး :D ။ စားရတဲ့လူတွေလဲ ကောင်းလဲစားမကောင်းလဲစားပဲ ၊ သိပ်လည်းမညည်းရှာပါဘူး။


ဒီပူရီ လုပ်နည်းကိုလည်း Ko Andy ဆီကနေရထားတာပါ။ တထိတ်ထိတ်နဲ့ စမ်းလုပ်ရတာ တော်ကြာ် ခပ်မာမာပြားပြား ကျပ်ခဲကြီး ထွက်လာရင် ဒုက္ခဆိုပြီးတော့လေ။ ဒီတစ်ခါတော့ တစ်ခါထည်းနဲ့ အောင်မြင်တယ်လို့ပြောလို့ရပါတယ်။ ကုလားပဲ ပြုတ်ထားတာကလည်း အဆင်သင့်ရှိနေတာနဲ့ သီးစုံပဲကုလားဟင်းလေးချက်လိုက်တယ်။ ပူရီနဲ့ ပဲကုလားဟင်း ၊စားလို့ကောင်းတဲ့ ညစာတစ်ခွက်ပါ။


ပူရီလုပ်နည်း (စားမယ့် ပမာဏကို လိုက်ပြီး အချိုးအဆ ပြန်ညှိထားပါတယ်)
  1. ဂျုံ - ၁ခွက်
  2. ရေနွေးနွေး - ၁/၃ ခွက် (ရေက နွေးတယ်ဆိုရုံလေး)
  3. ဆား အနည်းငယ်
  4. ဆီ -ထမင်းစားဇွန်းတစ်ဇွန်း
အဲဒါတွေအားလုံးကို သမအောင်နယ်ပါ။ မကပ်တော့တဲ့ အထိနယ်ပေးပါ။ ကျွန်မကတော့ နယ်ရင် လက်ဖနောင့်ကို သုံးပြီးနယ်လေ့ရှိတယ် ၊ Knead လုပ်တယ်ခေါ်မှာပေါ့နော်။ ၁၀ မိနစ်လောက်ကြာရင် မကပ်တော့ပဲ ချောလာပါလိမ့်မယ်။ အဲဒါဆိုရင် နှပ်ထားလို့ရပါပြီ။ Cling Film ကိုသုံးပြီး ၁ နာရီကြာအောင် နှပ်ထားလိုက်ပါတယ်။
ပြီးရင် ကွမ်းသီးလုံးလောက် အလုံးလေးတွေလုံး ပြီး ဒလိမ့်တုံးနဲ့ ပြားပေးပါ
ကိုအန်ဒီရေးပြထားသလို့ ဆီထဲမြုတ်အောင်ထည့်ကြော်ပြီး ပွတက်လာတာနဲ့ချက်ခြင်းတစ်ဖက်ကို လှန်ပေးပါ။ ခဏလေးပဲထားပြီး ဆယ်ပေးပါ။

အိမ်မှာတော့ ဆီစုပ်စက္ကူပေါ်ကို တင်လေ့ရှိပါတယ်။ ပြီးရင်စားလို့ရပါပြီ

ဒါကပူရီနဲ့တွဲစားဖို့ သီးစုံပဲကုလားဟင်း

ဒီလောက်အလုံးလေးတွေလုံးပြီး အရင် ဒလှိမ့်တုံးနဲ့ လှိမ့်ပါတယ်


ဂျုံပြားလေးတွေမကြော်ခင်။ ကြော်ပြီးရင် ပူရီဖြစ်ပါပြီ။

8 comments:

Anonymous said...

မလုပ်ဖူးသေးဘူး
လုပ်စားကြည့်ဦးမယ်
တခါက ချပါတီလား ပလာတာလားမသိ လိုက်လုပ်တာ မာသွားလို့ ဆက်မလုပ်ဖြစ်ဘူး

စူးနွယ်လေး

Shinlay said...

လာစားသွားပါတယ်။

Baby taster said...

ပူရီ လာစား၏
အိမ်မှာတော့ အားလုံး အကြိုက်ပေါ့
ဂျူံကြမ်းနဲ့ ဂျူံနုေ၇ာလုပ်ရင် ပိုကောင်းတယ်
အရမ်းလည်းနုညံ့တယ် ဆီအရမ်းပူလို့မရသလို
ဆီအေးနေရင်လည်း ပျင်တွဲတွဲကြီး ဖြစ်နေတတ်တယ်
ပါးပါးလေးနဲ့ဆို ကြော်ရတာ ကောင်းတယ်
မုန့်လိမ့်တဲ့ အခါ ပေါက်သွားရင် ထူရင် သူကမပွလာ
ဘူး ။ မုန့်ထည့်ပြီးတာနဲ့ အပေါ်တက်လာတဲ့ အခါ
ဇကာဇွန်းနဲ့ ဖွဖွလေး ဖိပေးပါ ပွတက်လာမယ် သိလာ
တော်ပြီ လျှာရှည်တာ များသွားတယ် အဟိ
:P

T T Sweet said...

ပူရီပူပူနွေးနွေးလေး။ စားချင်စဖွယ်လေး။ နည်းသိသွားပြီ။ လုပ်စားဦးမည်။

ပါရမီဖြည့်ဖက်လေး said...

ပူရီ လေးကကြွတ်နေတာပဲ။ စားချင်လိုက်တာ။ မလုပ်တတ်ဖူး။ ခုတော့နည်းသိပြီ။ ကျေးဇူး မမ။

Anonymous said...

အရမ်းကြိုက်လို့စမ်းလုပ်ကြည့်တာ ပူရီကမပွဘူးဖြစ်နေတယ် ဂျုံကဘာဂျုံကိုသုံးရတာလဲ အစ်မ

Evy said...

အစ်မသုံးတာတော့ All purpose flour ပါ..

Anonymous said...

ပွတဲ.အခါပွလိုက်၊ဂျပ်ခဲဖြစ်ချင်ဖြစ်လိုက်နဲ.အကဲစမ်းနေတယ်ကွယ်