Thursday, November 15, 2012

အာဗင်မသုံးတဲ့ ပျားရည်ကြက်ကင်



ခရစ်စမတ်ရာသီရောက်လာပြီဆိုတော့လည်း ဒီကစပြီး ခရစ်စမတ်ရာသီစာလေးများကို အလျင်းသင့်သလိုတင်တော့မယ်နော် (မဟုတ်လဲ အဲလိုပြောပြီး တင်ချင်သလိုတင်နေပါပဲလေ :P) ။ ဒါလေးကတော့ ကြက်ကင်ပါ။ သူငယ်ချင်းတွေနဲ့ စုပြီးစားလို့ သင့်တော်တဲ့ဟင်းပွဲပေါ့။ အာဗင်သုံးစရာမလိုတာကြောင့် စမ်းကြည့်ချင်သူများ အဆင်ပြေမယ်ထင်ပါတယ်။ Happy call ကိုသုံးပြီးကင်တာကြောင့် အာဗင်မှာကင်သလို မခြောက်ပဲ ခပ်စိုစိုလေးနဲ့ စားလို့တစ်မျိုးကောင်းပါတယ်



 ခုဒီမှာကင်ပြထားတာကတော့ ပျားရည်ငရုပ်ကောင်းကြက်ကင်ပါ။ လိုက်လုပ်ကြည့်ကြမယ်ဆိုရင်လည်း ကိုယ်လိုသလိုထည့်ချင်တာထပ်ထည့်နော်။ ပျက်သွားတယ်ဆိုတာမျိုးမရှိပါဘူး။ အဓိကကတော့ ကြက်အသားထဲကို အရသာဝင်အောင် ညလုံးပေါက်နှပ်ထားတာ အဓိကပါပဲ။ လွယ်ကူပြီးအရသာရှိတဲ့ ကြက်ကင်နည်းမို့ လုပ်နည်းလေးကို မျှပေးလိုက်ပါတယ်။ 


ပါဝင်ပစ္စည်းများ
  • ကြက်၁ ကောင်
ဆောစ့်အတွက်
  • ပျားရည် စားပွဲဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်း(အကြမ်းကြိတ်ထားတဲ့ ငရုပ်ကောင်း) လက်ဖက်ရည် ၁ ဇွန်းခွဲ
  • ပဲငံပျာရည်အကြည်စားပွဲဇွန်း၁ ဇွန်း
  • ရှာလကာရည် စားပွဲဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည် ၁ ဇွန်းမောက်မောက်
  • ဟင်းခတ်မှုန့် အနည်းငယ်
အပေါ်ကပစ္စည်းတွေအားလုံးကိုရောမွှေထားလိုက်ပါ
 

ပြင်ဆင်နည်း
  1. ကြက်သားကို အကောင်မပျက်အောင် အထဲကကလီစာများထုတ်ပြီးသန့်ရှင်းရေးလုပ်ထားပါ။
  2. ခြေထောက်နဲ့ ခေါင်းကိုလည်းဖယ်ထားလိုက်ပါ။
  3. ပြီးရင် ကြက်တစ်ကောင်လုံးကို ခက်ရင်းနဲ့ထိုးထားလိုက်ပါ (အရသာတွေအသားထဲပိုဝင်စေရန်ဖြစ်ပါတယ်)
  4. နောက်ကြက်ကျောရိုးဘက်ကနေပြီး ခွဲချလိုက်ပြီးမှ ဆော့စ်တွေကိုသုတ်လိမ်းပါမယ် (ဆော့လိမ်းတဲ့ အခါမှာလည်း အရေပြားအောက်ကိုဆော့ထည့်ပေးပြီး အသာအယာနယ်ပေးပါ၊ ကြက်အသားနဲ့ အရေပြားကြားကို လက်လေးနဲ့အသာထိုးပြီး ထည့်လို့ရပါတယ်။ ကြက်အရေပြားတော့ မပေါက်စေနဲ့ပေါ့နော်)
  5. ပြီးရင် ရေခဲသေတ္တာထဲမှာ ၁ ညနှပ်ထားပေးပါ။
  6. နောက်နေ့မှ ထုတ်ပြီး ကင်မယ့်ဗန်းထဲကို ပုံပါအတိုင်းထည့်ပေးပြီး သံလွင်ဆီအနည်းငယ်ဆမ်းပေးပါ။ (ကြက်ကို ဒီလိုနည်းမျိုးနဲ့ကင်ခြင်းဟာ အကောင်လုံးလိုက်ကြီးကင်တာထက်စာရင် ခြောက်ကပ်မှုနည်းစေပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ကြက်ရင်ပုံက ခပ်မြင့်မြင့်မို့လို့ တခြားအစိတ်အပိုင်းထက်စာရင် အရင်ကျက်ပြီးတအားခြောက်စေပါတယ်)
  7. ပြီးရင် အာလုံး ၊ခရမ်းချဉ်သီးလေးတွေ ထည့်ပြီး ၁၈၀ ဒီဂရီ အာဗင်မှာ နာရီဝက်ကင်ပေးရင်ရပါပြီ။ ကျွန်မကတော့ Happy Call အိုးကိုသုံးပြီးကင်ပါတယ်။ မီးပေါ်မှာအဖုံးပိတ်ထားပြီး ၁၅မိနစ်နေရင် တစ်ဖက်လှန်ပေးပြီး ၁၅ မိနစ်ထပ်ထားပေးပါ။
ဒါဆိုရင် အနံ့အရသာနဲ့ ပြည့်စုံတဲ့ အိမ်လုပ်ကြက်ကင်နဲ့ ဧည့်ခံဖို့ အသင့်ဖြစ်နေပါပြီ ။

7 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်ဖာကိုယ်တော့ လုပ်ရမှာပျင်းလို့ Evy ဆီပြေးလာပြီး ဧည့်သည်လုပ်ချင်စိတ် ပေါက်သွားတယ်
ပျားရည်နံ့လေး မွှေးနေမှာဘဲနော်.
စားချင်လိုက်တာ တကယ်ဘဲ

mstint said...

ပျားရည်ကြက်ကင်ကို တိုက်တိုက်ဆိုင်ဆိုင် အခုလိုဗိုက်ဆာတဲ့အချိန်ကျမှ လာကြည့်မိတယ် :P စိတ်ဝင်စားစရာမို့ မိတ်ဆုံစားပွဲမျိုးမှာ လုပ်စားရရင်ကောင်းမယ် :) နည်းလေးမှတ်သွားတယ် Evy ရေ။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Unknown said...

Love it,sis.Thanks for sharing !

မိုးနတ်ကြယ်စင် said...

မိုးနတ်ကတော့..ဒီနှစ်ခရစ်စမတ်မှာပဲဖြစ်ဖြစ်...
new year မှာပဲဖြစ်ဖြစ်လုပ်စားချင်တယ်...
လုပ်စားချင်တယ်ဆိုလို့ အထင်တော့ကြီးလိုက်နဲ့အုံး.ဟိ
မိုးနတ် ဘာမှကိုမချက်တတ်ဘူး..ဟီးအားရှိစရာ..
မေ့ကိုလုပ်ခိုင်းမှာပါ....မိုးနတ်ကတော့ထုံးစံအတိုင်း
ကောင်းမကောင်းဆုံးဖြတ်ပြီး တွတ်တီးလုပ်မှာပေါ့..

Tuumar said...

ကြက်ကင်လေးကြည့်ပြီး ထမင်းပူပူလေးနဲ့စားချင်နေမိတယ်

Anonymous said...

Yummy Yummy...,
It looks tasty :P

PPS :)

Anonymous said...

I will try with happycall soon.thks.