Tuesday, November 6, 2012

Metabolic Rate ကိုအထောက်အကူပြုသော အစားအစာ ၁၁ မျိုး

ကျန်းမာရေးဆောင်းပါးလေးတစ်ပုဒ်ကို ဘာသာပြန်ကြည့်ထားတာပါ။ ကိုယ်ကလည်း အစားသမားဆိုတော့ အစားစားပြီး ၀ိတ်ထိန်းနိုင်တဲ့ နည်းလေးဘာလေးများရလိုရငြားရှာကြည့်လိုက်တော့ ဒီဆောင်းပါးလေးကို သွားတွေ့တယ်။ တခြားဟာတွေကတော့ ဟုတ်မဟုတ်မပြောတတ်ဘူး။ ရေသောက်တာကတော့ ကိုယ်တွေ့ပဲ။ တစ်နေ့ကို ၃ လီတာနီးပါးသောက်တာ ၀ိတ်ကိုနဲနဲထိန်းထားသလိုဖြစ်တယ်။



ပိန်သွယ်တဲ့ ခန္ဒာကိုယ်ပိုင်ရှင်တွေဟာ လူအများ အားကျခံရတဲ့သူတွေဆိုရည်လည်း မမှားပါဘူး။ အဲဒါကြောင့်လည်း အခုခေတ်မှာ လူတော်တော်များများ (အထူးသဖြင့် အမျိုးသမီးအများစု)ဟာ သွယ်လျစေဖို့အတွက် နည်းအမျိုးမျိုးကို သုံးပြီးကြိုးစားလာကြတာတွေ့ရပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းအရ အများစုဟာ ကိုယ်လက်လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အလုပ်တွေမလုပ်ရပဲ အထိုင်များတဲ့ အလုပ်တွေသာလုပ်နေရတာ များပါတယ်။ ဒါ့အပြင် အိမ်ပြန်ရောက်ရင်လဲ တီဗီကြည့်ရင် ကြည့် ၊မကြည့်ရင် Facebook, ဒါမှမဟုတ် ကွန်ပြူတာနဲ့ ဂိမ်းဆော့ တာတွေနဲ့ အပန်းဖြေလေ့ရှိတာမို့ ကိုယ်လက်လှုပ်ရှားမှုဆိုတာ တော်တော်နဲ့သွားပြီလို့ ပြောလို့ရပါတယ်။ ဒီလို ဘ၀လူနေမှုပုံစံ အနေအထားဟာ ငယ်ရွယ်တုန်းမှာ သိပ်မသိသာလှပေမယ့် အသက်ကြီးလာတဲ့အခါ ကိုယ်ခန္ဒာကို သိသိသာသာပြောင်းလဲစေပါတယ်။ အသက်ငယ်တုန်းတော့ metabolic rate (ခန္ဒာကိုယ်လည်ပတ်လှုပ်ရှားမှု အတွက် လိုအပ်တဲ့ စွမ်းအင် ) ကမြင့်နေတာမို့ စားသမျှကို ခြေဖျက်နိုင်ပြီး အဆီသိပ်မစုပါဘူး။




 အသက်ကြီးလာတာနဲ့ အမျှ အဲဒီနှုန်းဟာ လည်း တဖြည်းဖြည်းကျလာပြီး အဆီပိုစုစေတော့တာပါပဲ။ ကိုယ်နေထိုင်ရတဲ့ အနေအထားက ခုနက ပြောခဲ့သလိုမျိုး ကိုယ်လက်လှုပ်ရှားမှုကို အားမပေးတဲ့ ပတ်ဝန်းကျင်မျိုးဆိုရင်တော့ ပိုဆိုးတော့တာပေါ့နော်။ အဲဒီတော့ metabolic rate ကိုမြှင့်တင်နိုင်မယ့် အလုပ်မျိုးလေးတွေကို ကြိုးစားပြီးလုပ်မှသာ အဆီစုခြင်းကို ကာကွယ်နိုင်မှာပါ။ အကောင်းဆုံးကတော့ လေ့ကျင့်ခန်းယူတာ (သို့) နှစ်သက်တဲ့ ကိုယ်လက်လှုပ်ရှား အားကစားမျိုးကို တစ်နေ့ နာရီဝက်လောက် အချိန်ပေးလုပ်တာမျိုးပေါ့။ အိပ်ရေး၀၀ အိပ်တာကလည်း metabolic rate ကိုမြှင့်စေနိုင်ပါတယ်။ အဲလိုမှ လေ့ကျင့်ခန်းလုပ်ဖို့၊ အိပ်ချိန်၀၀ ရဖို့ အခွင့်အရေး မရနိုင်ရင်တော့ နောက်တစ်မျိုးကတော့ metabolic rate ကိုမြင့်စေတဲ့ အစားတဲ့အစားအသောက်မျိုးလေးတွေကို ရွေးချယ်စားသောက်ဖို့ပါပဲ။ ဒီဆောင်းပါးမှာတော့ metabolic rate ကိုအထောက်အကူပြုတဲ့ အစားအသောက် ၁၁ မျိုးကို ဖော်ပြပေးထားပါတယ်



 


၁။ ငရုပ်သီး
ငရုပ်သီးစပ်စပ်စားခြင်းဟာ metabolic rate ကို မြင့်တက်စေယုံမက အစားစားချင်တဲ့စိတ်ကိုပါ ထိန်းချုပ်ပေးပါတယ်။ အဲဒါကတော့ ငရုပ်သီးထဲမှာပါဝင်တဲ့ capsaicin လို့ခေါ်တဲ့ ဓာတ်ကြောင့်ပါ။ လေ့လာတွေ့ရှိချက်အရ ငရုပ်သီးစားရင် metabolic rate ကို ၂၅% အထိမြင့်တက်စေပါတယ်တဲ့။ 



 



၂။ ဂျုံကြမ်းနှင့် ပတ်သက်သော အစားအသောက်များ
ဂျုံကြမ်း၊ ဆန်လုံးညိုများ ကတော့ အာဟာရပြည့်ဝတဲ့ ဓာတ်တွေ နဲ့ metabolic rate ကိုမြင့်တက်စေတဲ့ ကာဗိုဟိုက်ဒရိတ် ဓာတ်တွေပါဝင်ပြီး Insulin ပမာဏကို ထိန်းချုပ်ပေးပါတယ်။ ဒါ့အပြင် အဆာလဲခံတာကတော့ တကယ့်ကိုကိုယ်တွေ့ပါ။ တကယ်တော့ ပေါင်မုန့်အဖြူတွေဟာ နူးညံ့ပေမယ့် ဖြူဖွေးအောင်လုပ်ရတဲ့အဆင့်တွေကြောင့် အာဟာရ ဓတ်ပါဝင်မှု သိပ်နည်းသွားပါပြီ။ ပေါင်မုန့်အကြမ်းရဲ့ အရသာဟာ ပိုပြီးလေးပင်တာကြောင့် သူ့ကိုစားနေကြလူတွေဟာ ပေါင်မုန့်အဖြူကိုပြန်ပြီးစားလို့ မရကြတာ များပါတယ်။ သကြားများများပါဝင်တဲ့ အစားအသောက်တွေက အဆာမခံတဲ့အပြင် အင်ဆူလင် ပမာဏကို မြင့်တက်စေတာကြောင့် အဆီပိုစုစေပါတယ် ။ဒါ့ကြောင့် ဂျုံကြမ်းနဲ့ပြုလုပ်ထားတဲ့ အစားအသာက်မျိုးကို ရွေးချယ်စားသောက်သင့်ပါတယ်။





၃။ ဘရိုကိုလီ
Calcium များတဲ့ ဘရိုကိုလီဟာ ၀ိတ်ကျစေတဲ့ အစားအသောက်လို့လူသိများလှပါတယ်။ များပြားလှတဲ့ အမျှင်ဓာတ်ကို ဘရိုကိုလီတစ်ပွဲစားရုံနဲ့ ရစေပါတယ်တဲ့။ ဘကိုလီကို အကောင်းဆုံးလုပ်စားတာက ပေါင်းတဲနည်းပါ။ ပေါင်းပြီး ဆား၊ငရုပ်ကောင်း နဲ့ ထောပတ်လေး ပါလေကမျှထည့်စားကြည့်ပါ။ အရသာကောင်းလွန်းလို့ နောက်အမြဲစားမယ့်ဟင်းရံ ဖြစ်သွားပါလိမ့်မယ်




၎။ ဟင်းအရည်သောက်များ
သုတေသနလေ့လာတွေ့ရှိချက်တွေအရ အရည်သောက်ပါရင် main dish ကိုအစားနဲသွားတာများပါတယ်တဲ့။ ဟင်းရည်များများသောက်ခြင်းဟာ ထမင်းဟင်း အများကြီးစားခြင်းကို လျော့ကျစေတဲ့အတွက် အဆီခြေဖျက်ဖို့ metabolic rate ကိုပိုထွက်စေပါတယ်။ သဘောကတော့ ထမင်းအများကြီး မစားဖြစ်တော့ ထမင်းအတွက်ခြေရမယ့်အားကို အဆီတွေကိုခြေတဲ့ နေရာမှာ သုံးလိုက်တဲ့သဘောပေါ့။ ဒါ့ကြောင့် ထမင်းစားရင် ဟင်းရည်ကတော့ မဖြစ်မနေသောက်ကြပါလို့ ဆိုပါတယ်။




၅။ လက်ဖက်ရည်စိမ်း (Green Tea)
ဆေးပညာဆိုင်ရာ သုတေသနပြုလုပ်ချက်များအရ Green Tea သောက်သုံးချင်းဟာ metabolic rate ကိုမြင့်တက်စေတယ်ဆိုတာကို အတည်ပြုခဲ့တာ ကာလတစ်ခုရှိခဲ့ပါပြီ။ အရသာလေးကလဲ ကောင်းတဲ့အပြင် ကျန်းမာရေးအတွက် အထောက်အကူပြုစေတဲ့ antioxidant အများအပြားပါဝင်တာကြောင့် နေ့စဉ်သောက်သုံးသင့်ပါတယ်။



၆။ ပန်းသီးနဲ့ သစ်တော်သီးများ
ပန်းသီးနဲ့ သစ်တော်သီးဟာလည်း ဇီဝဖြစ်စဉ်ကို ပံ့ပိုးပေးလို့ ကိုယ်အလေးချိန်လျော့ချရေးမှာ အထောက်အကူဖြစ်တယ်လို့ဆိုပါတယ်။ ကိုယ်အလေးချိန်လျော့ချရေး သုတေသန တစ်ခုမှာတော့ အမျိုးသမီးများကို ပန်းသီးနဲ့ သစ်တော်သီးများ စားခိုင်းတဲ့အုပ်စုနဲ့ မစားခိုင်းတဲ့အုပ်စုဆိုပြီး ခွဲပြီးစမ်းသပ်ခဲ့ပါတယ်။ အသီးတွေကို စားတဲ့အဖွဲ့ဟာ လုံးဝမစားရတဲ့အဖွဲ့ထက် ကိုယ်အလေးချိန်ပိုများများကျတာကို တွေ့ရပါတယ်တဲ့။
.
၇။ ဟင်းခတ်အမွှေးအကြိုင်များ
ဟင်းခတ်အမွှေးအကြိုင်တွေကလည်း metabolic rate ကိုတက်စေပါတယ်တဲ့။ အထူးသဖြင့် အနံ့စူးတဲ့အမွှေးအကြိုင်တွေဖြစ်တဲ့ ငရုပ်ကောင်းတို့၊ ဂျင်းတို့၊ မုန်ညှင်းစေ့လိုမျိုးတွေဟာ ပိုပြီးအကျိုးသက်ရောက်မှုများပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေစားလေ့ရှိတဲ့ ကျွန်မတို့ဗမာတွေနဲ့တော့ အတော်ပါပဲ။

၈။ Citrus ကြွယ်ဝသော အသီးများ
Citrus အသီးတွေဖြစ်တဲ့ grape fruit၊ လိမ္မော်သီး၊ သံပုရာသီး လိုသစ်သီးများကလည်း metabolic rate အတွက်တွန်းအားပါပဲ။ သူ့မှာပါဝင်တဲ့ ဗိုက်တာမင်စီဓာတ်ကြောင့် Insulin ထွက်နှုန်းကိုလျော့ကျစေပြီး အဆီလောင်ကျွမ်းမှုကို ဖြစ်စေတယ်လို့ ဆိုပါတယ်။


၉။ Calcium ဓာတ်ကြွယ်ဝသော အစားအသောက်များ
Calcium ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေဟာလည်း ဒီလိုလုပ်ဆောင်ချက်မျိုးကိုတွန်းအားပေးပါတယ်။ ဥပမာအားဖြင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ ဒိန်ခဲ၊ တို့ဟူး နဲ့ Almond အစေ့တွေလိုမျိုးပေါ့။  အကောင်းဆုံးကတော့ အရွက်စိမ်းများများစားတာပါ။ တကယ်လို့များ Calcium ပါတဲ့ အစားအသောက်မျိုးကို အများကြီးစားဖို့ မနှစ်သက်တတ်တဲ့သူမျိုးတွေဆိုရင်တော့ ကယ်လ်စီယမ် အားဖြည့်ဆေးသောက်သုံးပေးသင့်ပါတယ်

၁၀။ Omega-3 ပါဝင်သောအစားအသောက်များ
Omega-3 ပါတဲ့ အစားအသောက်တွေကလည်း fatty acid ပါဝင်တဲ့အတွက် ပိန်သွယ်မှုကိုအားပေးပါတယ်။ အထူးသဖြင့် ငါးတို့ အစေ့အဆံလိုမျိုးတွေပါ။ သတိထားကြည့်မိရင် ငါးစားတဲ့သူတွေက အသားအများကြီးစားသူတွေထက်ပိုပြီး ပိန်သွယ်တာကိုတွေ့ရမှာပါ။ Omega 3 အားဖြည့်ဆေးလေးတွေအပြင် ခုနောက်ပိုင်းထွက်တဲ့ Flex seed oil ဟာလည်း fatty acid ပါဝင်တာကြောင့် သောက်သုံးသင့်ပါတယ်

၁၁။ ရေ
နောက်ဆုံးတစ်ခုကတော့ ရေပါ။ ဟိုးတုန်းက အပြောများကြတာကတော့ ရေများများသောက်ရင် ၀တယ်ဆိုပြီးတော့ပါ။ တကယ်တမ်းတော့ ဒါဟာ မဟုတ်ပါဘူး။ တနေ့ကိုရေ အနည်း ဆုံး ၂ လီတာကနေ ၃ လီတာအထိ သောက်သုံးသင့်ပါတယ်။ ရေက ခန္ဒာကိုယ်ထဲက အဆီဓတ်ကို ခြေဖျက်ပေးတဲ့ ဓတ်ကူပစ္စည်းတစ်ခုဆိုလဲမမှားပါဘူး။ ရေများများသောက်ပြီး ခန္ဒာကိုယ်အလေးချိန်ကို ထိန်းနိုင်တာတော့ ကိုယ်တွေ့ပါ။ ဒါပေမယ့်ရေသောက်မယ်ဆိုရင်တော့ နေ့ခင်းမှာ များများသောက်သင့်ပြီး ညပိုင်းမှာ လျော့သောက်ပါ။ အိပ်ခါနီး ၂ နာရီအလိုမှာတော့ လုံးဝမသောက်သင့်တော့ပါဘူး။ ဘာလို့လဲဆိုတော့ အိပ်ခါနီး ရေများများသောက်ခြင်းဟာ Water Retention ကိုအားပေးပြီး အလေးချိန်တက်စေနိုင်လို့ပါ။


 Ref :

http://www.globalhealingcenter.com/
All the photos in this article are courtesy of Google image.

3 comments:

Aunty Oo said...

ဗဟုသုတလေးတွေမျှဝေပေးလို.ကျေးဇူးတင်ပါတယ်။
အိပ်ခါနီးရေများများသောက်တဲ့အကျင့်ကိုတော့ပြင်ရအုံး
မယ်။

Unknown said...

Thanks for sharing,sis ! Very nice !

Anonymous said...

Nice post!

PPS :)