တောင်းဆိုမှုများနဲ့
အမဲသားသီးစုံခေါက်ဆွဲလာပါပြီ။ တောင်းဆိုတဲ့သူကတော့ တခြားမဟုတ်ပဲ အိမ်က အိမ်ဦးနတ်ကြီးပါ။
သူ့နဲ့ ကျွန်မညီမ နှစ်ယောက်လုံးမှာလည်း ကျွန်မချက်သမျှကို မငြီးမညူစားကြရှာပါတယ်။ တစ်ခါတစ်လေတော့လည်း
ဒီလို အထူးတောင်းဆိုမှုလေးတွေ ရှိတာပေါ့လေ။ အဲဒီတော့ ဒီတစ်ခါက သူတို့အလိုကို ပြန်လိုက်တဲ့
အလှည့်ပါ။ ကျွန်မညီမကတော့ တရုပ်ကောက်ညှင်းပေါင်းစားချင်တယ်ဆိုလို့ မနက်စာအဖြစ် လုပ်ပေးပြီးပါပြီ။
အရင်တုန်းကလည်း လုပ်ဖူးပါတယ်။ နောက်တော့မှ ပို့စ်တစ်ခုအနေနဲ့ သပ်သပ်ထပ်တင်မယ်နော်။
အိမ်ဦးနတ်ကြီး
တောင်းဆိုတာက အမဲသားကို မုန်လာဥနီ၊ဖြူ၊မှို၊အာလူးများနဲ့ အနှစ်များများချက်ပြီး ခေါက်ဆွဲနဲ့
စားချင်တာပါတဲ့။ သူဘယ်ကနေစားဖူးလာလဲတော့ ကျွန်မလည်း သေချာမသိဘူး။ တော်တော်ကောင်းလို့
စားချင်တယ်လို့ သူပြောနေတာကြာပါပြီ။ အဲဒါနဲ့ပဲ ဒီတစ်ပတ်တော့ ချက်ကျွေးမယ်ဆိုပြီး လိုအပ်တဲ့
ပစ္စည်းများကို သောကြာညတကည်းက ၀ယ်ယူပြီး အသင့်ပြင်ဖြစ်ပါတယ်။ ခေါက်ဆွဲကတော့ NTUC မှာရောင်းတဲ့
ဆနွင်းခေါက်ဆွဲခြောက်ကို သုံးပါတယ်။ အရသာကကောင်းပေမယ့် ဆနွင်းအရသာတော့နဲနဲများတော့
၂ ခါလောက်ပြုပ်ထုတ်ပြစ်မှ အဆင်ပြေပါတယ်။ တခြားအဆင်ပြေမယ့် ဘယ်ခေါက်ဆွဲမဆိုသုံးလို့
ဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- အမဲသား ၂၅၀ ဂရမ် (လက်ညှိုးလောက်အတုံးသေးသေးလေးတွေတုံးထား)
- မုန်လာဥနီ ၂ ဥ ( ခပ်ကြီးကြီးလေးတွေလှီးထားပါ)
- အာလုံးအလုံးသေး ၆ လုံးခန့် (အခွံခွာလေးစိတ်စိတ်ထား)
- ရှီတာကီမှိုအနည်းငယ် (ပါးပါးလှီးထား)
- မုန်လာဥဖြူအသေး တစ်ဥ (ခပ်ကြီးကြီးစိတ်ထား)
- ကြက်သွန်နီ ဥကြီး ၁ ဥ (နုတ်နုတ်စဉ်းထားပါ)
- ကြက်သွန်ဖြူ ၅ မွှာ (နုတ်နုတ်စဉ်းထားပါ)
- ချင်း အနည်းငယ်
- ဆီ
- ပြောင်းဖူးမှုန့် စားပွဲဇွန်း ၂ ဇွန်း
- သစ်ဂျပိုးမှုန့် လက်ဖက်ရည် ဇွန်းထက်ဝက်
- တရုပ်မာဆလာ လက်ဖက်ရည် ၁ ဇွန်း
- အရောင်တင်မှုန့် စားပွဲဇွန်း၁ ဇွန်း
- ဟင်းချက် ဆန်ဝိုင် စားပွဲဇွန်း ၄ ဇွန်း
- သကြား လက်ဖက်ရည် ၁ ဇွန်း
- ဆား လက်ဖက်ရည် ၂ ဇွန်းခွဲခန့်
- ခရုဆီစားပွဲဇွန်း တစ်ဇွန်း
- ကြက်သားအဆီ စားပွဲဇွန်း ၁ ဇွန်း
ချက်ပြုတ်နည်း
- ပထမဆုံး အမဲသားကို ဆား၊ ငရုပ်ကောင်းနဲ့ ဆုပ်နယ်ပြီးနာရီဝက်လောက်နှပ်ထားပါ။
- နောက်ဆီပူပူမှာ ၂ မိနစ်လောက် အပေါ်ယံလေးတင်းလာအောင်ကြော်ပြီး ဆီစစ်ထားပေးပါ
- ဆီစားပွဲဇွန်း ၂ ဇွန်းခန့်ကို ပူအောင်တည်ပြီး ကြက်သွန်ဖြူ၊နီ၊ချင်း ထည့်ကြော်ပါ။
- ကြက်သွန်များ ပျော့လာရင် အရောင်တင်မှုန့်၊ မာဆလာ ၊ကရဝေး၊ သစ်ဂျပိုးမှုန့်များကို ထည့်မွှေပါ။ နောက် ဟင်းချက်ဝိုင်ကိုလည်း ထည့်ပေးပါ။
- အဲဒီနောက်မှာတော့ ခုနကကြော်ထားတဲ့ အမဲသားတွေကိုထည့်ပေးပါ။
- ဆား၊သကြား၊ခရုဆီ၊ ကြက်သားဆီ လည်းတစ်ပါတည်းထည့်မွှေပေးပါ။
- အသီးအနှံများကိုလည်းထည့် ရေကို အသားမမြုပ်တမြုပ်လေးထည့်ပြီး မီးနဲနဲ နဲ့ နာရီဝက်ခန့်တည်ပေးပါ။
- ရလာရင် အပေါ့အငံမြည်းပြီး လိုရင်ဆားထပ်ထည့်ပေးပါ (သတိ- အမဲသားချက်ရင် ငါးငံပျာရည်လုံးဝမသုံးရပါ)
- အရသာအနေတော်ဖြစ်ပြီဆိုရင် ရေတရုပ်ပန်းကန်လုံး ၂လုံးနဲ့ ပြောင်းဖူးမှုန့်ဖျော်ပြီး ပျစ်လာအောင် နောက်ထပ် မိနစ် ၂၀ခန့် တည်ပေးပါ။
ဒါဆိုရင်
ခေါက်ဆွဲနဲ့စားရန် အမဲသားဟင်း အသင့်ဖြစ်ပါပြီ
ပွဲပြင်ရန်အတွက်
ဆလပ်ရွက်ခင်း၊ ခေါက်ဆွဲအနည်းငယ်နဲ့ အမဲသားဟင်းအနှစ်များများ၊ ဆီချက်အနည်းငယ်ထည့်ကာ
သုံးဆောင်ပါ။ ကင်မ်ချီ (သို့)မုန်ညှင်းချဉ်တစ်ခုခုနဲ့ တွဲစားရင်လည်း အရသာတော်တော်ရှိပါတယ်။ စမ်းကြည့်ပြီးရင်လည်း အဆင်ပြေမပြေပြောကြဦးနော်.
2 comments:
သားတွေအတွက် နည်းလေးမှတ်သွားတယ် Evy ရေ။ တီတင့်က အမဲ ၀က် မစားပေမယ့် သားတွေက ကြိုက်မှကြိုက်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ခြေလေးချောင်းသားမစားလို.မြည်းမသွားရပေမဲ့ဆနွင်း
ခေါက်ဆွဲခြောက်ကိုတော့စိတ်ဝင်စားတယ်။ဆနွင်းကလူ
နဲ.လဲတည့်တယ်။ntucမှာရှာကြည့်လိုက်အုန်းမယ်။ကျေးဇူးဘဲနော်။
Post a Comment