ဒီဇင်ဘာ ခရစ်စမတ်
နှစ်ကူးရာသီရောက်ပြီဆိုတာနဲ့ မပါမဖြစ်ဟင်းလျာတစ်မျိုးကတော့ ကြက်ကင်ပါ။ တွေ့ဆုံပွဲများအတွက်
ဟင်းပွဲပြင်တဲ့အခါမှာ ကြက်ကင်လေးနဲ့မှ ပိုပြီးပြည့်စုံသလိုခံစားရပါတယ်။ အရင်တုန်းကတော့
ကြက်တစ်ကောင်လုံးကင်ဖြစ်တာများပါတယ်။ ဒီတစ်ခါမှာတော့ ကြက်တောင်ပံလေးတွေကိုသုံးပြီး
ကင်ထားပါတယ်။ တကူးတက လှီးဖြတ်စရာမလိုတဲ့အတွက် မိတ်ဆုံစားပွဲများအတွက် အထူးပင်သင့်တော်ပါတယ်။
ဒါ့အပြင် ကင်တဲ့အချိန်ကလည်း သိပ်မကြာတာကြောင့် တခြားဟင်းလျာများပြင်ဆင်ဖို့အတွက် အချိန်ပိုထွက်လာမှာ
အမှန်ပါပဲ။
ပါဝင်ပစ္စည်းများ
·
ကြက်တောင်ပံ
၁၀ခု (၂ ပိုင်းပိုင်းထားပါ)
·
ရို့စ်မေရီ
အခက် ၃ ခက်
·
ငရုပ်ကောင်း
အနည်ငယ်
·
ခရုဆီ
စားပွဲဇွန်း ၁ ဇွန်းခွဲ
·
ဆား
လက်ဖက်ရည်ဇွန်း တစ်ဝက် သာသာ
·
ခနောကြက်သားမှုန့်
- အနည်းငယ်
·
ထောပတ်
စားပွဲဇွန်း ၁ ဇွန်းခွဲခန့်
·
ကြက်သွန်ဖြူ
၂ ဥ
ပြုလုပ်နည်း
- ကြက်တောင်ပံများကို ရေဆေးကာ အရသာများ ၀င်စေရန် ခက်ရင်းဖြင့် ၂ ချက် ၃ ချက်ခန့်ဖောက်ထားပါ
- ဖန်ဇလုံ (သို့) ကင်မည့် ဗန်းထဲသို့ ထည့်ကာ ထောပတ်မှလွဲ၍ ကျန်ပစ္စည်းများ အားလုံးရောထည့်ပါ။
- အရသာဝင်စေရန် ကြက်သားအား ဆုပ်နယ်ပေးပါ။
- ကြက်သွန်ဖြူ အမြွှာများအားလည်း အခွံမခွာပဲ ထည့်ပေးပါ
- နာရီဝက်ခန့် နှပ်ထားပြီးလျှင် ထောပတ်ထည့်ကာ ၂၀၀ ဒီဂရီ အပူပေးထားသော အာဗန်တွင် မိနစ် ၄၀ ခန့်ကင်ပါ။
- ရို့စ်မေရီ နံ့သင်းသင်း၊ ထောပတ်နံ့ မွှေးတဲ့ ကြက်တောင်ပံကင် အသင့်ဖြစ်ပါပြီ။
- ကြက်ကင်ထဲထည့်ထားသော ကြက်သွန်ဖြူများလည်း ဆိမ့်ပြီး အင်မတန်မှ အရသာရှိပါတယ်။
1 comment:
တစ်ချိန်လုံး ကြက်တောင်ပံဆိုရင် ကြော်စားလာခဲ့တာ ဒီဇင်ဘာအမှတ်တရ ကြက်တောင်ပံကင်လေး အိမ်သားတွေကိုလုပ်ကျွေးအုံးမယ် ကျေးဇူးပါ Evy <3
Post a Comment