Monday, December 1, 2014

ကြက်တောင်ပံကင်




ဒီဇင်ဘာ ခရစ်စမတ် နှစ်ကူးရာသီရောက်ပြီဆိုတာနဲ့ မပါမဖြစ်ဟင်းလျာတစ်မျိုးကတော့ ကြက်ကင်ပါ။ တွေ့ဆုံပွဲများအတွက် ဟင်းပွဲပြင်တဲ့အခါမှာ ကြက်ကင်လေးနဲ့မှ ပိုပြီးပြည့်စုံသလိုခံစားရပါတယ်။ အရင်တုန်းကတော့ ကြက်တစ်ကောင်လုံးကင်ဖြစ်တာများပါတယ်။ ဒီတစ်ခါမှာတော့ ကြက်တောင်ပံလေးတွေကိုသုံးပြီး ကင်ထားပါတယ်။ တကူးတက လှီးဖြတ်စရာမလိုတဲ့အတွက် မိတ်ဆုံစားပွဲများအတွက် အထူးပင်သင့်တော်ပါတယ်။ ဒါ့အပြင် ကင်တဲ့အချိန်ကလည်း သိပ်မကြာတာကြောင့် တခြားဟင်းလျာများပြင်ဆင်ဖို့အတွက် အချိန်ပိုထွက်လာမှာ အမှန်ပါပဲ။

ပါဝင်ပစ္စည်းများ

·         ကြက်တောင်ပံ ၁၀ခု (၂ ပိုင်းပိုင်းထားပါ)
·         ရို့စ်မေရီ အခက် ၃ ခက်
·         ငရုပ်ကောင်း အနည်ငယ်
·         ခရုဆီ စားပွဲဇွန်း ၁ ဇွန်းခွဲ
·         ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် သာသာ
·         ခနောကြက်သားမှုန့် - အနည်းငယ်
·         ထောပတ် စားပွဲဇွန်း ၁ ဇွန်းခွဲခန့်
·         ကြက်သွန်ဖြူ ၂ ဥ



ပြုလုပ်နည်း

  •  ကြက်တောင်ပံများကို ရေဆေးကာ အရသာများ ၀င်စေရန် ခက်ရင်းဖြင့် ၂ ချက် ၃ ချက်ခန့်ဖောက်ထားပါ
  •   ဖန်ဇလုံ (သို့) ကင်မည့် ဗန်းထဲသို့ ထည့်ကာ ထောပတ်မှလွဲ၍ ကျန်ပစ္စည်းများ အားလုံးရောထည့်ပါ။
  •  အရသာဝင်စေရန် ကြက်သားအား ဆုပ်နယ်ပေးပါ။
  •  ကြက်သွန်ဖြူ အမြွှာများအားလည်း အခွံမခွာပဲ ထည့်ပေးပါ
  •   နာရီဝက်ခန့် နှပ်ထားပြီးလျှင် ထောပတ်ထည့်ကာ ၂၀၀ ဒီဂရီ အပူပေးထားသော အာဗန်တွင် မိနစ် ၄၀ ခန့်ကင်ပါ။
  • ရို့စ်မေရီ နံ့သင်းသင်း၊ ထောပတ်နံ့ မွှေးတဲ့ ကြက်တောင်ပံကင် အသင့်ဖြစ်ပါပြီ။
  • ကြက်ကင်ထဲထည့်ထားသော ကြက်သွန်ဖြူများလည်း ဆိမ့်ပြီး အင်မတန်မှ အရသာရှိပါတယ်။


1 comment:

Ma Tint said...

တစ်ချိန်လုံး ကြက်တောင်ပံဆိုရင် ကြော်စားလာခဲ့တာ ဒီဇင်ဘာအမှတ်တရ ကြက်တောင်ပံကင်လေး အိမ်သားတွေကိုလုပ်ကျွေးအုံးမယ် ကျေးဇူးပါ Evy <3