Monday, May 21, 2012

Delicious Egg Tarts


မုန့်တွေလုပ်တာကြာပြီဖြစ်ပေမယ့်လို့ မလုပ်ကြည့်ရသေးတာ ဒီမုန့်လေးပါ။ အကြောင်းကြောင်းကြောင့် သူ့အလှည့်မရောက်နိုင်ပဲ တခြားမုန့်တွေနဲ့သာ အချိန်ကုန်သွားတာများပါတယ်။ ဒီတစ်ခါတော့ ဖြစ်အောင်လုပ်စားမယ်ဆိုပြီး လိုအပ်တဲ့ ပစ္စည်းလေးတွေဝယ်လာပြီးတဲ့နောက်တော့ တကယ်လုပ်ဖြစ်သွားပါတော့တယ်။ တခြားမုန့်တွေလိုသိပ်ဇယားမရှုပ်ပဲ စားလို့ကောင်းတဲ့ မုန့်လေးမို့လို့ ခဏခဏလုပ်စားဖြစ်မှာတော့ မြင်ယောင်နေပါတယ်။ စာအုပ်ထဲက မုန့်လုပ်နည်းနဲ့ အင်တာနက်ပေါ်က ရှာတွေ့သော မုန့်လုပ်နည်းကို ၂ မျိုးရောမွှေထားသော ကျွန်မရဲ့နည်းပေါ့နော်။

ဒီလိုဆိုဒ်မုန့်မျိုးလေးတွေ ၁၁ ခု ထွက်ပါတယ်။ ပိုတဲ့ကြက်ဥအရည်တွေကိုတော့ ပေါင်းလိုက်ပြီး ကြက်ဥပေါင်းလုပ်စားလိုက်တယ်။

ဂျုံသားအတွက်
  • ဂျုံ ၂၀၀ ဂရမ်
  • icing sugar -  ၆၀ ဂရမ်
  • ထောပတ် ၁၀၀ ဂရမ်
  • ကြက်ဥ အနှစ် ၁ခု
  1. ဂျုံနဲ့ သကြားမှုန့်ကို ရောမွှေထားပြီး ထောပတ်နဲ့ နယ်ပေးပါ။ 
  2. ပုံမှာ ပြထားသလို အဖတ်အဖတ်ကလေးတွေ ဖြစ်လာပြီဆိုရင် ကြက်ဥအနှစ် ၁ ခုကိုရောမွှေပြီး ဂျုံအလုံးဖြစ်အောင် လုံးထားပါ။ 
  3. ပြီးရင် ရေခဲသေတ္တာထဲမှာ ၁၀ မိနစ်လောက်ထားပေးပါ။ ပြီးရင် 1/2 စင်တီမီတာ လောက်အထူအပြားရအောင် ဆီစိမ်စက္ကူ ၂ခုကြားမှာ ဒလိမ့်တုံးနဲ့ လှိမ့်ပေးပါ။
  4. မုန့်ဖုတ်မယ့် ခွက်ကလေးထက်နဲနဲကြီးကြီးအောင် ဖြတ်ပေးပြီး ခွက်ကလေးတွေထဲကို အသာအယာဖိသိပ်ပေးပါ။ ခွက်အောက်ခြေကို ခက်ရင်းလေးနဲ့ ၃ ချက်လောက်ထိုးပေးပါ။ ဒါဆိုရင် မုန့်ဖုတ်မယ့် ခွက်ကလေးတွေ အသင့်ဖြစ်နေပါပြီ။ ကြက်ဥရည် အဆင်သင့်မဖြစ်ခင် အဲဒီခွက်ကလေးတွေကို ရေခဲသေတ္တာထဲမှာ ထားပေးပါ

ကြက်ဥရည် ပြင်ဆင်ခြင်း
  • ကြက်ဥ၃ လုံး
  • ကြက်ဥအကာ၁ခု
  • သကြား ၁၀၀ ဂရမ်
  • ရေ ၁၀၀ ဂရမ်
  • နွားနို့ ၂၀၀ ဂရမ်
  1. ရေနဲ့ သကြားကိုအရင်ကျိုပြီး အအေးခံထားပါ
  2. ကြက်ဥနဲ့ နွားနို့ကိုခေါက်ထည့်ပြီး သမအောင်မွှေပေးပါ။
  3. ပြီးရင်အဲဒီကြက်ဥ ရည်ကို စကာ ၂ ခါလောက်ချပေးပါ (ဒါမှ မုန့်သားချောချောမွတ်မွတ်လေးတွေရမှာ)
  4. ပြီးရင် ခုနကလုပ်ထားတဲ့ ခွက်ကလေးတွေထဲထည့်ပြီး ၁၇၀ ဒီဂရီအာဗင်မှာ မိနစ်၂၀ဖုတ်ပေးပါ ပြီးရင် ၁၆၀ ဒီဂရီကိုလျော့ချပြီး ၁၀ မိနစ်ထပ်ဖုတ်ပေးပါ။
  5. ဒါဆိုရင် စားလို့ကောင်းတဲ့ ကြက်ဥမုန့်လေးတွေရပါပြီ

 

9 comments:

သက်ဝေ said...

လုပ်စားမယ်...
ဒါပေမယ့် ခွက်လေးတွေ မလုပ်ရပဲ ready made လုပ်ပြီးသားမျိုး ဝယ်လို့  မရဘူးလား ဟင် (ငပျင်း ပီပီ အထွန့် တက်သွားသည်)

Mrs. Bagel said...

ဒါတော့ လုပ်တတ်တယ်။ :)

mstint said...

အတော်ပဲ ဒီကနေ့ အားနေတာနဲ့ Evy ရဲ့မုန့် လုပ်စားမယ်
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Evy said...

အစ်မ မသက်ဝေရေ။ တစ်ခါတစ်လေတော့ ရောင်းတာတွေ့မိတယ်

ဟုတ်လား မြတ်ကြည်ရေ ဒီမုန့်လေးကလွယ်တယ်နော်

အန်တီတင့် လုပ်ပြီးရင်ပုံတင်ဦးနော်

Thandar Lwin said...

ဟေမာ ကြိုက် လို့ လုပ်ချင်နေတာ အတော်ဘဲ ကျေးဇူး...း)

BabyAngle said...

အောက်ခံခွက်လုပ်မဲ့မုန့်သားထည့်တဲ့ခွက်က သံခွက်ကို ၀ယ်ရတာလား အမ.. ဒါလေး ကြိုက်လို့ လုပ်စားချင်နေတာ..

Evy said...

ဟုတ်တယ်ညီမရေ။ ဒန်ခွက်ခေါ်မလားပဲ

BabyAngle said...

ဟုတ်အမကျေးဇူးပဲနော်.. ညနေ ဒလိမ့်တုံးနဲ့ ခွက်ဝယ်ပြီး စမ်းလုပ်ကြည့်အုံးမယ်..

BabyAngle said...

အမရေ... လုပ်စားပြီးသွားပြီ..
အောင်မြင်တယ်.. အရမ်းကောင်းပဲ..
ပုံလေး ညီမ blog မှာ တင်ထားတယ်နော်..
လုပ်နည်းလေး share ပေးတာ ကျေးဇူးပါ...