Friday, December 21, 2012

ပီလောပီနံ ကွတ်ကီး



ခရစ်စမတ်နားနီးလာပြီဆိုတော့ ကွတ်ကီးလေးတွေ လုပ်စားချင်သူများအတွက် ကွတ်ကီးလုပ်နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်။ ဒီမုန့်လေးတွေက Shortbread (အရင်တစ်ခါရေးဖူးတယ် လင့်က ဒီမှာပါ) ထက်ပိုပြီး မွမွလေးဖြစ်ပါတယ်။ တကယ့်ကို ပါးစပ်ထဲရောက်သွားတာနဲ့ ပျော်သွားတာပါ။ လုပ်ရတာလည်း လွယ်ပြီး အရသာရှိတဲ့ ဒီကွတ်ကီးလေးတွေကို ပီလောပီနံအမှုန့် (Tapioca Flour) နဲ့လုပ်ထားတာပါ။ လုပ်ရတာ မခက်ခဲတဲ့ ဒီမုန့်လေးတွေကို ခရစ်စမတ်ပိတ်ရက်မှာလုပ်စားကြည့်လိုက်ကြရအောင်

(ဒီမုန့်လေးတွေကို အဆင့်ဆင့်ရိုက်ထားတာလေးတွေ မတော်တဆမှားဖျက်မိလို့ အဲဒီပုံလေးတွေတော့ မပါတော့ဘူး :D  )


ပါဝင်ပစ္စည်းများ


  • ထောပတ် ၁၂၅ ဂရမ် (အခန်းအပူချိန်)
  • ပေါင်ဒါသကြား ၄၀ ဂရမ်
  • ဗနီလာအနံ့ လက်ဖက်ရည် ၁ ဇွန်း
  • ပီလောပီနံအမှုန့် ၁၂၅ ဂရမ်
  • ကိတ်ဂျုံ ၈၀ ဂရမ်


ပြုလုပ်နည်း

  1. သကြားနဲ့ ထောပတ်ကို ထုံးစံအတိုင်းဖြူပြီးပွလာအောင် စက်နဲ့မွှေပေးပါနောက်ဗနီလာအနံ့ထည့်မွှေပါ။
  2. ပီလောပီနံ နဲ့ ဂျုံကို ဇကာစစ်ထည့်ပေးပြီး မုန့်သားဖြစ်လာအောင် ဇွန်းတစ်ခုနဲ့ မွှေပေးပါ။ (ချောကလက် အရသာထည့်ချင်လို့ ကိုကိုးပေါင်ဒါမှုန့် စားပွဲဇွန်း ၁ ဇွန်းကို မုန့်သားတစ်ဝက်နဲ့ရောမွှေပေးပါတယ်)
  3. ဂျုံတွေအားလုံးကပ်လာပြီး မုန့်သားရလာရင် စပြီး ပုံဖော်လို့ရပါပြီ။ (အဲဒီအချိန်မှာ မုန့်သားနဲနဲပျော့သေးတယ်ထင်ရင် ရေခဲသေတ္တာထဲကို ၁၀ မိနစ်လောက်ထည့်ပြီးမှ ပုံဖော်ပါ)
  4. မုန့်သားကို ခပ်သေးသေးလေးလုံးပြီး နဲနဲဖိကာ မုန့်ဖုတ်မယ့်ဗန်းထဲထည့်ပါ။ ပြီးရင် ခက်ရင်းနဲ့ အသာဖိချပြီး အရာပေးပါ။
  5. ကျန်တဲ့မုန့်များကိုလည်း ထိုနည်းအတိုင်းထပ်လုပ်ပါ။ ပြီးရင် ၁၇၀ ဒီဂရီအာဗင်မှာ ၁၅ မိနစ်လောက်ဖုတ်ပေးရင် ရပါပြီ။

2 comments:

ဦးရွှေရိုး said...

ကွတ်ကီးကြိုက်တယ်.. ကြိုးစားကြည့်လိုက်အုံးမယ်... ကျေးဇူးပါ...

Tuumar said...

ကွတ်ကီးလေးက စားချင်စရာလေး
ပလောပီနံဆို ဘယ်လိုလုပ်လုပ်ကြိုက်တယ်...