Wednesday, February 13, 2013

ကြက်ကလျာချက်

 
၂၀၁၁ မှာ အဒေါ်လာတုန်းက ချက်ပြခဲ့တဲ့ ကြက်ကလျာချက်လေးကို ပြန်ချက်ပြပေးထားတာပါ။ မာဆလာနံ့မွှေးမွှေး နဲ့အနံ့ကတင် တော်တော် အရသာရှိနေပါပြီ။ မြည်းကြည့်လိုက်တော့လည်း ရိုးရိုးကြက်အချိုချက်တွေနဲ့ မတူပဲ အရသာကောင်းလွန်းပါတယ်။ ဒါနဲ့ အဒေါ်ကို မေးကြည့်မိတယ် ဘာလဲ ကြက်ကလျာဆိုတာပေါ့။ သူက ရှင်းပြပါတယ်။ ကြက်ကလျာဆိုတာ မိန်းကလေးတွေ ချက်တဲ့ကြက်သားဟင်းကိုခေါ်တာတဲ့ ။ ဥပမာ ကြက်ကာလသားဆိုရင် ယောကျာ်းလေးတွေ ချက်လို့ (မြန်မြန်လွယ်လွယ်ကူကူ) အဲလိုခေါ်ပြီး ကြက်ကလျာကြတော့ မိန်းကလေးတွေက ဆီတွေဘာတွေသတ် သေချာချက်တဲ့ဟင်းကို ခေါ်တယ်လို့ဆိုတယ်။ ဒါကတော့ သူရှင်းပြတယ် အဓိပ္ပါယ်နော်။ တခြားကွဲနေတဲ့ အဓိပ္ပါယ်များ သိကြရင် ကွန်မန့်ကနေ ပြောသွားကြပါဦး

ဟိုတစ်လောက Fan Page မှာသူချက်ခဲ့တဲ့ ဟင်းခွက်လေးတင်တယ်။ ချက်နည်းကို ရှာနေတာနဲ့ မရေးရသေးတော့ တချို့တွေကလည်း မက်ဆေ့ခ်ျကနေ မေးကြတယ်။ အဲဒါနဲ့ပဲ မဖြစ်သေးဘူး အမြန်ရှာဦးမှဆိုပြီး လုပ်နည်းလေးရှာပြီး ပြန်ချက်လိုက်ပါတယ်။ အရသာကတော့ ကိုယ်တိုင်စမ်းကြည့်ပြီးမှ လာပြောပြနော်။

ပါဝင်ပစ္စည်းများ

  • ကြက် တစ်ခြမ်း (သေးသေးခုတ်ထားပါ)
  • ကြက်သွန်နီ အကြီး ၂ လုံး (ပါးပါးလှီးထား)
  • ကြက်သွန်ဖြူ ၅ မွှာ
  • ချင်း လက်တစ်ဆစ်စာ
  • ပဲငံပျာရည် အကြည် စားပွဲဇွန်း ၂ ဇွန်း
  • ပဲငံပျာရည် အနောက် လက်ဖက်ရည် ၁ ဇွန်း
  • သကြား လက်ဖက်ရည် ၁ဇွန်း
  • ဆား
  • မာဆလာ - စားပွဲဇွန်း ၁ ဇွန်း

  1. ပထမဆုံး ကြက်သားကို ဆား၊ ဆနွင်း၊ အချိုမှုန့် (သို့) ကြက်သားမှုန့် နဲ့ နာနာဆုပ်နယ်ပြီး နာရီဝက်နှပ်ထားပါ
  2. ကြက်သားနှပ်နေတုန်းမှာ ကြက်သွန်နီ လေးပုံတစ်ပုံကို ကြွပ်အောင်ကြော်ပြီး ဖိုပေါ်မှ ချပြီးချင်းမှာ မာဆလာနဲ့ ရောမွှေပေးပါ
  3. နောက်ကြက်သားများကိုလည်း အရေခွံတင်းအောင် ၁၀ မိနစ်ခန့် ကြော်ပေးပါ။
  4. ကြက်သားကြော်၊ ကြက်သွန်ကြော် အသင့်ဆိုရင်တော့ ဟင်းစချက်လို့ရပါပြီ
  5. ချင်း၊ကြက်သွန်ဖြူ၊ နီများကို မွှေးလာအောင် ဆီသတ်ပေးပါ
  6. နောက်ကြက်သားများကို ထည့်ကာပဲငံပျာရည် အကြည်၊ အနောက်၊ သကြား။ ဆား (နဲနဲပဲထည့်ပါ လိုမှထပ်ဖြည့်ပါ) ထည့်ပြီး လုံးပေးပါ
  7. ရေကို နဲနဲပဲထည့်ကာ မီးနည်းနည်းနဲ့ ကြက်သားနူးအောင်တည်ပါ။ နာရီဝက်ကနေ မိနစ် ၄၀ လောက်တော့ တည်ရပါတယ်
  8. လုံးဝဆီပြန်ပြီဆိုမှ မီးပိတ်ပြီး ကြက်သွန်ကြော် နဲ့ မာဆလာအရောကိုထည့်ပေးပါ။
  9. ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံနေတဲ့ ကြက်ကလျာချက် အသင့်ဖြစ်ပါပြီ

4 comments:

မိုးနတ်ကြယ်စင် said...

:))))

Aunty Tint said...

'ကြက်ကလျာချက်'ဆိုတဲ့ စကားဆန်းလေး အခုမှကြားဘူးတာ Evy ရေ။ နည်းလေးယူသွားပြီနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

စားလို့ အရမ်းကောင်းပါတယ်၊ ခဏခဏ ချက်စား ဖြစ်တယ်၊ ကျေးဇူးအထူးတင်ပါတယ်၊

U Maungmaung htwe said...

မဂိုလမ်းနဲ့၂၉ လမ်းကြား၊အနော်ရထာလမ်းပေါ်က(နယူးဒေလီ ချစ်တီး ဆိုင်မှာ ကျွန်တော် စားဘူးတယ်။ဟင်းနံမည် အဆန်းဆိုတော့မှတ်မိနေတယ်။ကြက်သားဟင်းထဲမှာ ဘဲဥတစ်ခြမ်းနဲ့ အားလူးတစ်ခြမ်းပါတယ်။အဲဒါ ကြက်ကလျာ ဟင်းလို့ပြောတယ်။ဟင်းချက် နည်းတွေအတွက် အစဉ်အမြဲ
ကျေးဇူးတင်ပါတယ်နော်။