Saturday, February 23, 2013

Tuna Buns/ တူနာပေါင်မုန့်



ဒါလေးက evyfoodlover.com ပြောင်းပြီး ပထမဆုံးတင်တဲ့ ပို့အဖြစ်မှတ်တမ်းတင်ချင်ပါတယ်။ 


.com ပြောင်းဖို့ကို စဉ်းစားနေတာတော့ ၆ လလောက်ရှိပြီ။ ဒါပေမယ့် ဇဝေဇ၀ါနဲ့ အကောင်အထည် မဖော်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် မပြောင်းမဖြစ်တဲ့ ပြသနာပေါ်လာတာနဲ့ပဲ ချက်ချင်း ပြောင်းလိုက်ရပါတယ်။ ဖြစ်ပုံက ဒီလို-- ပြီးခဲ့တဲ့ ၂ ပတ်လောက်ကတည်းက စပြီး Facebook နဲ့ blog နဲ့ လင့်ရာမှာ ပြသနာတက်ပါတယ်။ မုန့်လုပ်နည်းတွေကို website link နဲ့ ရှယ်တိုင်း Facebook က spam လို့ဆိုပြီး warning ပေါ်ပါတယ်။ ကိုယ့်ဆိုဒ်ကလည်း မုန့်လုပ်နည်းတွေက လွဲလို့ ဘာမှ ထူးထူးခြားခြားလဲ မရှိတာနဲ့ ဒီတိုင်းပဲထားထားလိုက်တယ်။ ပြသနာ အလိုလိုပြေလည်လိုပြေလည် ငြားပေါ့လေ။ ဒါပေမယ့် မပြေလည်တဲ့ အပြင် ပိုပိုပြီးဆိုးလာပြီး Facebook Fanpage ကိုတောင် အရှယ်မခံတော့တဲ့ အဆင့်အထိ ရောက်လာရော။ နည်းမျိုးစုံ ကြိုးစားကြည့်တာလဲ မထူးဘူး။ သူတို့ကို report လုပ်လည်း အရေးလုပ်မယ့်ပုံမမြင်ယောင်၊ ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုး လျောက်လုပ်တာလဲမရနဲ့ တော်တော်ကို စိတ်ညစ်ရတာပါ။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး မနေ့က အိမ်ဦးနတ်နဲ့ တိုင်ပင်ပြီး .com ကောက်ကာငင်ကာ ၀ယ်ချလိုက်တော့တာပါပဲ။ ၀ယ်ပြီးတော့လည်း မပြီးသေး။ မပြောင်းတတ်တာနဲ့ တ၀ဲလည်လည် ၃ ၊၄ နာရီလောက်ကြာနေသေးတာ။ နောက်ဆုံး youtube မှာ တစ်ယောက်က ပြောင်းနည်း တင်ထားတာ ကြည့်လိုက်တော့မှ အဆင်ပြေတော့တယ်။ ကျေးဇူးတင်လိုက်တာ မပြောပါနဲ့တော့။  ခုလောလောဆယ်တော့ အဆင်ပြေနေသေးတယ် (သိပ်လည်း မပြောရဲသေးဘူး။ ဘယ်အချက် ထပြီး ဖောက်မယ်ဆိုတာ မပြောနိုင်ဘူး)။ ဒါကတော့ ဒီရက်ပိုင်း Blog ကျန်းမာရေး အခြေအနေပေါ့လေ။

 ခုမှတကယ့် မုန့်လုပ်နည်း ပို့စ် စတော့မယ် :D .  ခုရက်ပိုင်းပေါင်မုန့်တွေအများကြီးလုပ်ဖြစ်တယ်။ နောက်ပိုင်းမှာ မုန့်လုပ်နည်းတွေပိုများမယ်။  အဲဒီပေါင်မုန့်လုပ်နည်းတွေထဲကမှာ အရမ်းစားကောင်းတဲ့ မုန့်လုပ်နည်းတစ်မျိုးကို လုပ်ပြပေးချင်ပါတယ်။ လုပ်သမျှပေါင်မုန့်နည်းတွေထဲမှာ ဒီနည်းက အအောင်မြင်ဆုံးလို့ ဆိုရမယ်။ ကျန်တဲ့နည်းလေးတွေကိုတော့ မဂဇင်းထွက်မှ ၀ယ်ဖတ်နော်။ အဲဒီမှာ ပေါင်မုန့်စုစည်းမှုပါမယ်။ လုပ်နည်းတွေ အများကြီးရေးထားတယ် :D

ပါဝင်ပစ္စည်းများ (ပေါင်မုန့် အသေး ၅ ခုစာ၊ များများလုပ်ချင်ရင် ၂ ဆတိုးပါ)

အစု (၁)

  • ပေါင်မုန့်ဂျုံ ၁၁၅ ဂရမ်
  • Yeast ၂.၅ ဂရမ်
  • ရေ ၈၅ မီလီလီတာ

အစု (၂)

  • ကြက်ဥ ၁၀ ဂရမ် (ခေါက်ပြီးသား)
  • သကြား ၃၀ ဂရမ်
  • ဆား ပါရုံမျှ
  • ရေအေး ၁၂ ဂရမ် (ချိန်တဲ့ဇွန်းလေးနဲ့ ချိန်နော်)
  • Yeast  ၁.၂၅ ဂရမ်


အစု (၃)

  • ထောပတ် ၁၅ ဂရမ် (အခန်းအပူချိန်)
  • ပေါင်မုန့်ဂျုံ ၅၀ ဂရမ်


တူနာအဆာ

  • တူနာ ၁၅၀ ဂရမ်
  • ကြက်သွန်နီအသေး တစ်လုံး (သေးသေးလှီး)
  • မရိုးနိစ် စားပွဲဇွန်း ၁ ဇွန်းခွဲမောက်မောက်


ပြုလုပ်နည်း

  1. ပထမဆုံး အစု (၁)ကို ရောမွှေပြီး ၁ နာရီခွဲထားပေးပါ
  2. နောက် အစု (၂) နဲ့ အစု (၃) -ဂျုံ ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။
  3. နောက်ထောပတ်  ကိုပါထည့်ပြီး ဂျုံသား ချောမွတ်အောင် နယ်ပေးပါ (၂၀ ကနေ ၂၅ မိနစ်လောက်နယ်ရပါမယ်)။ ပြီးရင် Window Pane Test လုပ်ပါ။
  4. Test အောင်သွားရင် ၁၀ မိနစ်လောက် ဂျုံသားကို ဒီတိုင်းထားပေးပါ




  1. နောက် ၅ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို ပုံပါအတိုင်းနံပါတ် ၈ ဂဏန်းရအောင်ပုံသွင်းပြီးပွလာအောင် မိနစ် ၄၀ထားပေးပါ။
  2. နောက် ကြက်ဥရည်ကို Brush လေးနဲ့သုတ်ပေးပြီး တူနာအဆာများထည့်ကာ ၁၉၀ ဒီဂရီအာဗင် (Fan ပါရင် ၁၇၀) မှာ ၁၅ မိနစ်ဖုတ်ပေးပါ။
  3. လုံးဝအေးသွားမှသုံးဆောင်ပါ။
  4. ဆိုင်ကရောင်းတာထက်ပိုပြီး လတ်ဆတ်တဲ့ အိမ်လုပ်ပေါင်မုန့်လေး အသင့်ဖြစ်ပါပြီ


5 comments:

Cameron said...

မုန့်လုပ်ဖို့ကြိုးစားနေတာ တစ်နှစ်ကျော်သွားပြီ လုပ်စားမယ့်မုန့်တွေစာရင်းစုဆောင်းထားတာလဲ မနည်းတော့ဘူး ခုပေါင်မုန့်ကိုပါလုပ်နည်းလေးယူသွားပါတယ် ညီမ..ကျေးဇူးး)စာအုပ်ကတော့ပြောစရာမလို လတိုင်းအားပေးနေကျပါ..

Shinlay said...

ရောက်လာပြီး ပေါင်မုန့် လာစားသွားပါတယ်။

Aunty Oo said...

တနေ.တော့လုပ်စားကြည်.ပါဦးမယ်။စာအုပ်လဲဝယ်ချင်
တယ်။စ မှာဘယ်ဆိုင်မှာရနိုင်မလဲသိပါရစေ။ဖွင်.မရလို.
စိတ်ပူသွားတာ။အမြဲအားပေးနေပါတယ်။

Evy said...

ဟုတ်ကဲ့ အန်တီဦးရေ။ မဂဇင်း စာအုပ်ကတော့ လောလောဆယ် ရန်ကုန်က စာအုပ်ဆိုင်တိုင်းနဲ့ နယ်ကဆိုင်တချို့မှာရပါတယ်။
နိုင်ငံခြားကိုတော့ မှာရင် ပို့ပေးတယ်လို့ ပြောတယ် အန်တီ။ ကိုယ်တိုင် သီးသန့်စာအုပ်ကတော့ စီစဉ်တုန်းပါ။

သီရိရတနာ said...

Thank you for sharing your recipe & cooking method, Evy. :)