Monday, February 25, 2013

အင်ဒိုနီးရှားပဲပုပ်ချက်အစပ်




ပဲပုပ်ချက်ကတော့ အစပ်ကြိုက်တဲ့ သူတွေအကြိုက်တွေ့နိုင်မယ့် ဟင်းတစ်မယ်ပါပဲ။ ဒီမှာ ချက်ပြထားတဲ့ ပဲပုပ်ကတော့ အငံလုံးဝမပါတဲ့ အင်ဒိုနီးရှားပဲပုပ်ပါ။ အဲဒီပဲပုပ်ကို စင်္ကာပူမှာ စားတဲ့ပုံစံကတော့ ဆီပူမှာကြွပ်ကြွပ်ကြော်ပြီး စားကြတာများပါတယ်။ ကျွန်မကတော့ ဗမာပါးစပ်နဲ့ရင်းနှီးပြီးသားဖြစ်တဲ့  ခရမ်းချဉ်သီးငါးပိချက်ပုံစံမျိုးကို ငရုပ်သီးနဲ့ ခပ်စပ်စပ်လေး ချက်စားလေ့ရှိတယ်။ ခုတစ်ခေါက် spicy collection အတွက်တော့ သမားရိုးကျ ချက်နည်းထဲက နဲနဲခွဲထွက်ပြီး တိုပန်ကျန် (တရုပ်ပဲငါးပိ အစပ်) ကိုသုံးတာ မို့ အရသာကပိုလေးပင်ကာ စိမ့်ပြီးစပ်စပ်လေးနဲ့ တော်တော်စားလို့ကောင်းတာမို့ ချက်နည်းလေးကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  • အင်ဒိုနီးရှားပဲပုပ် ၂၀၀ ဂရမ်
  • ခရမ်းချဉ်သီး အလတ် ၃ လုံး
  • တိုပန်ကျန် (တရုပ်ပဲငါးပိ အစပ် စားပွဲဇွန်း ၁ ဇွန်း မောက်မောက်)
  • ကြက်သွန်ဖြူ ၈ မွှာ
  • ငရုပ်သီး ၈ တောင့်
  • သကြား လက်ဖက်ရည် ၁ ဇွန်း
  • ပဲငံပျာရည် စားပွဲဇွန်း ၁ ဇွန်း
  • ဆီ စားပွဲဇွန်း ၅ ဇွန်း

ချက်နည်း
  1. ပဲပုပ်များကို ပုံပါအတိုင်း လက်တစ်လုံးခန့် အတုံးလေးတွေ တုံးထားပါ။
  2. ခရမ်းချဉ်သီးကိုလည်း ပါးပါးလေးတွေလှီးထားပါ
  3. ကြက်သွန်ဖြူနဲ့ ငရုပ်သီးကိုရောထောင်းပြီး ဆီသတ်ပေးပါ။ ကြက်သွန်ဖြူလေးတွေ နဲနဲနွမ်းလာရင် ပဲပုပ်များကိုထည့်ကြော်ပါ။
  4. ၂ မိနစ်လောက်နေရင် ခရမ်းချဉ်သီးများကို ထည့်မွှေပြီး ပဲငါးပိ၊ သကြားနဲ့ ပဲငံပျာရည်များကိုလည်း ထည့်ပေးပါ
  5. ခရမ်းချဉ်သီးများနူးပြီး ဆီပြန်လာပြီဆိုရင် အပေါ့အငံမြည်းပြီး  နံနံပင်သေးသေးလှီးထည့်ကာ မီးပိတ်ပေးပြီး ခဏအုပ်ထားပါ
  6. နံနံပင်များနွမ်းလာရင် အရသာရှိတဲ့ ပဲပုပ်ချက်သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။

3 comments:

Aunty Tint said...

အင်ဒိုနီးရှား ပဲပုပ်ချက်အစပ် ချက်နည်းလေးကို ငရုတ်သီး ၈တောင့်အစား ၄တောင့်ထည့်သုံးပြီး ချက်ကြည့်မယ် Evy ရေ။ တီတင့်က အစပ်ကြောက်လို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကျေးဇူးပဲ Evy ရေ။ အင်ဒိုနီးရှားပဲပုပ်ကို ပဲပုပ်စိအလွမ်းပြေ ချက်စားဖြစ်ပေမယ့် မကြိုက်ဘူး။ အခုလို တိုကျန်နဲ့ချက်ဖို့ စိတ်ကူးလေးကအရမ်းကောင်းတာပဲ။ ချက်စားကြည့်အုံးမယ်။ အခုလို ဟင်းချက်နည်းတွေကို ဝေမျှပေးတဲ့ Evy နဲ့ မိသားစု ကျန်းမာချမ်းသာပါစေနော်။

Anonymous said...

အင်ဒိုနီးရှားပဲပုပ်က အလွန်ထူးဆန်းတာပဲ။ အဖြှူရောင် အချပ်ထူကြီးတွေပဲထင်တယ်။ အဲဒီပဲပုပ်ကို ဓာတ်ပုံသတ်သတ်ရိုက်ထားတာရှိရင် ကြည့်ချင်ပါတယ် တူမလေး။ ဦး မျက်စိထဲမျာ ပဲပြား(တို့ဟူး) တွေလို့တောင် ထင်မိတယ်။ ဘယ်လိုအရသာမျိုးရှိလဲ? ဗမာ/ရှမ်း ပဲပုပ်နဲ့ အရသာချင်း နီးစပ်သလား တူမလေး?