Subway မုန့်ဆိုင်တွေမှာ
ရလေ့ရှိတဲ့ ကွတ်ကီးမျိုးက ကျွန်မအနှစ်သက်ဆုံး ကွတ်ကီးများထဲက တစ်ခုပါ။
အဲဒီလိုမျိုး ခပ်ပျော့ပျော့ကွတ်ကီး လုပ်နည်းကို စမ်းသပ်ကြည့်နေတာကြာပါပြီ။
ဒါပေမယ့် လိုချင်တဲ့ မုန့်သားကို ဘယ်တုန်းကမှ မရခဲ့ဘူး။ နောက်ဆုံးတစ်ခါတော့
အောင်မြင်သွားပါပြီ။ Subway က မုန့်ကို ကြိုက်တဲ့သူများအတွက်တော့
ဒီမုန့်လုပ်နည်းဟာ လက်မလွှတ်နိုင်တဲ့ ကွတ်ကီးဖြစ်မယ်လို့ အသေအချာပြောရဲပါတယ်။
ပျော့ပြောင်းနူးညံ့တဲ့ မုန့်သားအရသာကလည်း တကယ့်ကိုကောင်းလှပါတယ်။
ပြောရမယ်ဆိုရင်တော့ ဒီမုန့်လုပ်နည်းကို
ရေးရတာ အသက်ဝင်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်မရဲ့ ပို့စ်တော်တော်များများဟာ
အရင်ကြိုရေးထားတာများလို့ပါပဲ။ မဂဇင်းအတွက်ရေးထားတဲ့ဟာတွေကို ခြွေပြီးတင်တာနဲ့၊
တခြားသော အကြောင်းကြောင်းများကြောင့် ချက်ခြင်းတင်ဖြစ်တဲ့ပို့စ်ဆိုတာ
တော်တော်နည်းနေပါတယ်။ ခုတော့ မုန့်လုပ်ပြီး ချက်ခြင်းရေး၊ ချက်ခြင်းတင်တာဖြစ်တာကြောင့်
ပိုပြီးFresh ဖြစ်နေတယ်လို့လည်းထင်တယ်…စာဖတ်သူများကတော့ ဘယ်သိပ်သတိထားမိမလဲနော်။ :D
နောက်ဆို ချက်ခြင်းတင်နိုင်အောင် ပိုကြိုးစားမှ…
Ok, မုန့်လုပ်နည်းလေး
ကြည့်ကြရအောင်
ပါဝင်ပစ္စည်းများ
- ထောပတ် (အခန်းအပူချိန်) - ၁၂၀ ဂရမ်
- သကြားအညို - ½ cup
- သကြားအဖြူ- ¼ cup
- ကြက်ဥ ၁ လုံး
- ဗနီလာ လက်ဖက်ရည် ဇွန်းတစ်ဝက်
- ဘိတ်ကင်ဆိုဒါ လက်ဖက်ရည် ဇွန်းတစ်ဝက်
- ဂျုံ - 1 ¼ cup (တစ်ခွက် + တစ်ခွက်ရဲ့လေးပုံတစ်ပုံ)
- ချောကလက်စေ့အနည်းငယ်
ပြုလုပ်နည်း
- ထောပတ်နဲ့ သကြားများကို သမအောင်မွှေပေးပါ။ တအားဖြူပြီး ပွစရာမလိုပါ။
- ကြက်ဥ ၁ လုံးကိုရောမွှေပေးပါ
- ဗနီလာအနံ့ကိုလည်းထည့်မွှေပါ
- ဂျုံနဲ့ ဘိတ်ကင်ဆိုဒါကို ရောမွှေပြီး စကာစစ်ကာ ရောထည့်ပေးပါ
- နောက်ဆုံးမှ ချောကလက်စေ့ကို ရောမွှေပါ
- မုန့်ဖုတ်ဗန်းတွင် စားပွဲဇွန်း တစ်ဇွန်းခွဲခန့် ထည့်ကာ ၁၆၀ ဒီဂရီ အပူပေးထားသော Oven မှာ ၁၂မိနစ်ဖုတ်ပါ။ Oven မှထုတ်ကာ အပြင်မှာ ၄ မိနစ်ခန့်ထားပါ။ နောက်ထပ် Oven မှာ ၃ မိနစ်ထပ်ဖုတ်ပါ။ လုံးဝအေးမှ သုံးဆောင်ပါ။
ဒါဆိုရင်တော့
မုန့်ရပြီနော်။ မုန့်လုပ်ကြည့်ပြီးရင်တော့ feedback လေးပေးကြပါဦး။
2 comments:
လုပ်ကြည့်ပြီးရင် ပြန်ပြောမယ် ညီမ.... ကျေးဇူး...း-)
ညီမရယ်...ခုချိန်ထိကို မုန့်ဖုတ်မယ့်ဆီ လက်တွေ့ကမရောက်နိုင်သေးတာ...စမ်းလုပ်ကြည့်ချင်နေတဲ့ မုန့်တွေက တပုံကြီးရယ်...ပစ္စည်းတွေလည်း ၀ယ်စုတာတော်တော်စုံနေပြီ မုန့်ဖုတ်စက်တစ်ခုပဲကျန်တော့တာ..သွားရှာတိုင်းအဆင်မပြေတာချည်းဖြစ်နေလို့လေ..ဒီတပတ်ပိတ်ရက်ကျရင်တော့ ရှာပုံတော်ထွက်ဦးမှပါပဲ..ဗိုလ်အောင်ကျော်လမ်းမှာ Star ဆိုတဲ့ baking accessories ဆိုင်တစ်ဆိုင်တွေ့ထားတာ သွားစပ်စုဦးမယ်..။
Post a Comment