Friday, August 30, 2013

Beef Rendang (Nyonya စတိုင်အမဲသားနှပ် )




အုန်းနို့နံ့သင်းတဲ့ Nyonya style အမဲသားနှပ်တစ်ခွက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဟင်းရဲ့ အဓိက အကျဆုံးအချက်ကတော့ မီးနဲနဲနဲ့ အသားများကို နူးအိနေအောင်နှပ်တာပါပဲ။ ကြာကြာနှပ်နိုင်လေ ပိုကောင်းလေပါ။

ပါဝင်ပစ္စည်းများ

  • အမဲသား၁ ကီလို ( အရွယ်တော်လေးများ တုံးထားပါ)
  • ဆား လက်ဖက်ရည် ၁ဇွန်း
  • သကြားစာပွဲဇွန်း ၂ ဇွန်း
  • မန်ကျည်းနှစ် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • အုန်းနို့ ၂၅၀ မီလီလီတာ
  • ရေ ၃၂၀ မီလီလီတာ
  • စပါးလင် ၁ ချောင်း (ထုထားပေးပါ)
  • သစ်ဂျပိုးအနည်းငယ်
  • နံနံမှုန့် စားပွဲဇွန်း ၁ ဇွန်း
  • ဖာလာစေ့ ၃ စေ့
  • ကြက်သွန်ဖြူ ၃ မွှာ

အနှစ်အတွက်
  • ကြက်သွန်နီဥကြီး ၂ ဥ
  • ကြက်သွန်ဖြူ ၅ မွှာ
  • စပါးလင် ၃ ချောင်း (အရင်းပိုင်းလေးပဲယူပါ)
  • လှော်ထားသော အုန်းသီးဖတ် ၂၅ ဂရမ်
  • ချင်း လက်တစ်ဆစ်စာ
  • ငရုပ်သီးခြောက် ၇ ခု


ချက်နည်း
အနှစ်အတွက် လှော်ထားသော အုန်းသီးဖတ်များမှလွဲပြီး ကျန်ပစ္စည်းများ အားလုံးကို ရောကြိတ်ပေးပါ


ဆီစားပွဲဇွန်း ၃ ဇွန်းခန့်ကို အပူပေးကာ စပါးလင်၊ သစ်ဂျပိုး၊ ဖာလာစေ့၊ ကြက်သွန်ဖြူ များကိုဆီသတ်ပါ။ အနံ့မွှေးလာပါက နံနံမှုန့် ထည့်မွှေကာ ကြိတ်ထားသော ပစ္စည်းများကို ထည့်မွှေပါ။
ကြက်သွန်နွမ်းလျှင် အမဲသားထည့်ကာ ၁ မိနစ်ခန့်တည်ပါ၊ ဆား၊သကြား၊ မန်ကျည်းနှစ် နှင့် အုန်းသီးဖတ်များဖြူးပေးပါ။
ရေနှင့် အုန်းနို့ကိုလည်းထည့်ကာ ပွက်ပွက်ဆူအောင်တည်ပါ။
ဆူသည်နှင့် မီးလျော့ကာ မီးနည်းနည်းဖြင့် ၄ နာရီခန့်ကြာအောင်တည်ပါ။ ရေလိုလျှင်ထပ်ဖြည်ပေးပါ။


နူးအိနေသော Beef Rendang ကိုပေါင်မုန့်နှင့်ဖြစ်စေ ထမင်းဖြူနှင့် ဖြစ်စေတွဲဖက်စားသုံးနိုင်ပါပြီ။

1 comment:

Cameron said...

အမဲသားဆိုကြိုက်တယ် ချက်စားကြည့်ဦးမယ်