Sunday, September 12, 2010

BBQ Sambal Stingray ( ငါးလိပ်ကျောက်ကင်)


ဒါ စလုံးရဲ့ ဟင်းတစ်မျိုးပါ။ ဗမာပြည်မှာနေတုန်းကတော့ ငါးလိပ်ကျောက်ကို စားလို့ရတယ်လို့တောင်မသိခဲ့ပါဘူး။ စလုံးရောက်တော့မှပဲ စစားဖူးတာ။ အတိအကျ ပြောရရင် လွန်ခဲ့တဲ့ ၄ နှစ်လောက်ကမှ စစားဖူးတာ။ ဘယ်သူစကျွေးတာလဲလို့ မမေးနဲ့နော်။ ထုံးစံအတိုင်း အစားကြိုက်တဲ့ အိမ်ကလူ လက်ချက်ပေါ့။ သူစားတဲ့ ငါးဆိုလို့ ၂ မျိုးလောက်ပဲ ရှိတယ်။ အဲဒီ ငါးမျိုးရယ် အရိုးမပါတဲ့ ငါးရယ် (အရိုးနွှင်ထားတဲ့ ငါးကိုဆိုလိုတာပါ) ပဲစားတယ်။ မမိုရဲ့ နည်းနဲ့ချက်တဲ့ ငါးသံပုရာ ချဉ်စပ်ဆို သူအရမ်းကြိုက်ပေါ့။ အရိုးနွှင်ရမှာ ပျင်းတာနဲ့ ခဏခဏ မချက်ဖြစ်တာ။

ဒီတစ်ခါတော့ Balacan Stingray ကို ပထဆုံးအိမ်မှာလုပ်ကြည့်လိုက်ပါတယ်။ NTUC မှာ stingray တစ်ခါတလေ ရောင်းပါတယ်နော်။ ပထမဆုံး ငါးကို ရေဆေးပြီး ရေစစ်ထားလိုက်ပါ။ ပြီးရင် Sambal Shrimp ၃ ဇွန်း၊ ငရုပ်သီး အနီး ၂တောင့်၊ ကြက်သွန်နီဥ အကြီးတစ်လုံး၊ ကြက်သွန်ဖြူ ၄ မွှာ ကို blender မှာရောကြိတ်ပေး။ ရလာတဲ့ အနှစ်တွေကို ငံပျာရည် တစ်ဇွန်း၊ ကြက်သားမှုန့် ၁ဇွန်းနဲ့ ရောလိုက်ပြီ ငါးထဲကို စိမ့်ဝင်အောင် နာနာနယ်ပေးပါ။ ၁ နာရီလောက် နှပ်ထားမှ ကောင်းတာပါ။

ဒါမကင်ခင်ပုံ


အဆင်သင့်ဖြစ်ပြီ ဆိုရင် ၁၇၀ ဒီဂရီ preheated oven မှာ ၁၅ မိနစ် - ၂၀ မိနစ်လောက်ကင်ပေးပါ။ ဒီ့ထက်ပိုကင်ရင်အရမ်းခြောက်သွားပါလိမ့်မယ်။ အဲဒါဆိုစားလို့သိပ်မကောင်းပါ။ ခုတစ်ခေါက် အိမ်မှာကင်တဲ့ဟာတောင် နဲနဲခြောက်တယ်လို့ပြောလို့ရပါတယ်။ ပြီးရင် သံပုရာရည် ရွှဲရွှဲလေးညှစ်ပြီး စားလို့ရပါပြီ

6 comments:

စူးနွယ်လေး said...

ကြိုက်တယ် အဲလိုလေးကို... အဲဒီငါးတော့တခါမှမစားဖူးသေးဘူး

Anonymous said...

ငါးလိပ်ကျောက်ကို ကင်၍ဖြစ်စေ၊ ကင်ပြီးကြက်သွန်နီ ငြုတ်စိမ်း နံနံပင် သံပုရာရည်ဖြန်း၍အသုတ်ဖြစ်စေ၊
ကမ်းရိုးတန်းသားတွေစားလာတာနှစ်ပေါင်းမနည်းတော့
ပါ။ အခုနည်းကရခိုင်သားတွေစားတာပါ၊ ဘိတ် ထားဝယ်
ကလည်းသူ့ နည်းသူ့ ဟန်ရှိအုံးမှာပါ။
ခိုအိမ်ထဲကမိန်းခလေးဆိုတော့မြန်မာပြည်တွင်း
အကြောင်းကေါင်းကေါင်းမသိရှာတာသနားစရာပါ။

Evy said...

ဟုတ်ကဲ့ လွတ်လပ်စွာမသိပိုင်ခွင့်ရှိသလို့၊ လွတ်လပ်စွာ သနားပိုင်ခွင့်လည်း ရှိပါတယ်။ လာဖတ်တဲ့အတွက်ကျေးဇူးပါ။ မသိတာကို ဗဟုသုတအနေနဲ့ ပြောပြပေးလို့လည်းကျေးဇူးတင်ပါတယ်။

Bakericious said...

looks yummy, I love bbq sambal stingray.

Anonymous said...

Sambal Shirmp က ဘယ်လိုဟာမျိုးလဲဟင်
အဲဒါ မပါဘဲ ကင်လို့ရမလား မသိဘူး...

Evy said...

အဲဒါကလေ ပုဇွန်ငါးပိကို ငရုပ်သီးနဲ့ လုပ်ထားတဲ့ အနှစ်ပါ။ အဲဒါမပါပဲ ကင်ချင်ရင်တော့ ငပိ၊ ကြက်သွန်ဖြူ ငရုပ်သီးအတောင့်ရှည် အနီ၊ စပါးလင်အနဲငယ်ကိုကြိတ်ပြီး အစားထိုးလို့ရပါတယ်။