Monday, September 10, 2012

ဆီးချိုသမားတွေအတွက် ကိတ်မုန့် ( Diabetic baking - Honey Butter Cake)


အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါတော့ ဆီးချိုသမားတွေအတွက် အဆင်ပြေမယ့်မုန့်လုပ်နည်းလေး ရေးပေးပါမယ်။ တစ်လောက ကျွန်မရဲ့ Facebook ထဲက မိတ်ဆွေတစ်ယောက်က  message ပို့လာပါတယ်။ ဆီးချိုသမားတွေအတွက် မုန့်လေးတွေစမ်းပေးပါဦးဆိုဒါကြောင့် ဒီမုန့်လေးကို လုပ်ဖြစ်သွားတာပါ။ သူပြောမှ ဩော်ဟုတ်သားပဲ ဆီးချိုသမားတွေလဲ များတာကြောင့် သူတို့တွေအတွက် အဆင်ပြေမယ့်မုန့်လုပ်နည်းလဲလိုေ
သးတာပဲလို့ သတိထားမိသွားတာ။ ဘာပဲဖြစ်ဖြစ် ကျွန်မအတွက်လည်း ဗဟုသုတ တစ်ခုတိုးတာကြောင့် မေးတဲ့သူကို ကျေးဇူးတင်ပါတယ်နော်။

ဒီမုန့်အတွက် ကြိုးစားနေတာ ၂ ပတ်ကျော်ကျော်လောက်တော့ရှိသွားပါပြီ။ စာတွေနဲနဲရှာဖတ်နေရတာကော သင့်တော်မယ့်သကြားအစားထိုးပစ္စည်းတွေလိုက်ကြည့်နေရတာနဲ့ပါ နဲနဲအချိန်ကြာသွားတာပါ။ ပြီးခဲ့တဲ့တစ်ပတ်က ပထမအကြိမ်စမ်းကြည့်တာ မအောင်မြင်ဘူး။ မုန့်က တော်တော်အခြေအနေဆိုးတာကြောင့် နောက်တစ်ကြိမ်ထပ်စမ်းကြည့်ခဲ့တော့မှ အဆင်ပြေသွားခဲ့တာပါ။ တကယ်တော့ ကိတ်မုန့်ဖုတ်တာမှာ သကြားရဲ့လုပ်ဆောင်ချက်ကလည်း အရေးပါပါတယ်။ ချိုတာတစ်ခုထည်းအတွက် သကြားကိုသုံးတာမဟုတ်ပါဘူး။ မုန့်သားအပွ၊ အကျစ် နဲ့မုန့်အရောင်ကလည်း သကြားနဲ့ ထောပတ်ရောမွှေတာနဲ့လည်းဆိုင်ပါတယ်။ သကြားဟာ မုန့်သားကိုပျော့ပြောင်းနူးညံ့စေတဲ့ ပစ္စည်းတစ်မျိုးလည်းဖြစ်တယ်။ အဲဒီသကြားကိုမုန့်ဖုတ်တဲ့နေရာမှာ သုံးမရဘူးဆိုတော့ တော်တော်ဂွကျပါတယ်။ ဆီးချိုအတွက် ဆေးသကြားက တကယ့်သကြားလိုမျိုး အာနိသင်မရှိတာကြောင့် မုန့်သားလည်း သိပ်မပွနိုင်ပဲ ခပ်သိပ်သိပ်ဖြစ်တတ်ပါတယ်။ ဒါ့အပြင် သိပ်စားလွန်းရင်လဲ တခြားဘေးဥပဒ် တွေဖြစ်တဲ့ဗိုက်နာတာတို့ မူးတာတို့တွေဖြစ်နိုင်သေးတယ်လို့ ဖတ်ရပါတယ်။ ဒါ့ကြောင့်မို့ တခြားအစားထိုးပစ္စည်းဖြစ်တဲ့ ပျားရည်ကိုရောသုံးကြပါတယ်။

ကျွန်မလဲ ဒီမုန့်မှာပျားရည်ကိုရောပြီး သုံးပြထားပါတယ်။ နူးညံ့ပြီး အရသာလည်းရှိတာကြောင့် နှစ်သက်ကြမယ်ထင်ပါတယ်။ ဒီနေရာမှာ ကျွန်မနဲနဲလေးတော့ သတိပေးချင်ပါတယ်။ အဓိကကတော့ ဆီးချိုတက်မှာစိုးလို့ပေါ့နော်။ ကျွန်မလုပ်တဲ့နည်းက စာအုပ်တွေ အင်တာနက်တွေထဲက ရှာပြီးဖတ်ထားတဲ့နည်းပါ။ သေချာအောင်လဲ ကျွန်မရဲ့ သင်တန်းကဆရာ (Pastry Chef)နဲ့လည်းသွားတိုင်ပင်ခဲ့တယ်။ ဒါ့ကြောင့် ပုံမှန်အားဖြင့်တော့ ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ကိတ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း lab ထဲမှာလိုမျိုး သုတေသနတွေဘာတွေနဲ့ မဟုတ်တာကြောင့် ဒီမုန့်ကိုစားရင်တော့ ဖြင့်ဘယ်လောက် အထိဆီးချိုတက်နိုင်တယ် မတက်နိုင်ဘူးဆိုတာကိုတော့ ကျွန်မလည်း အာမ မခံရဲပါဘူး။ ဒါ့ကြောင့် အရင်နဲနဲ (တစ်စိတ် နှစ်စိတ်လောက်)စားပြီး ဆီးချိုတိုင်းကြည့်ပြီးမှ ဆက်စားဖို့ မစားဖို့တိုက်တွန်းလိုပါတယ်ရှင်

ကျွန်မတို့ကတော့ဆီးချိုမရှိကြတာကြောင့် လင်မယားနှစ်ယောက်လုံး တစ်ထိုင်တည်းစားလိုက်ကြတာ ကိတ်မုန့် ၁ လုံးကို သုံးပုံ ၁ ပုံပဲကျန်ပါတယ်။ ဒါကတော့ ကိတ်မုန့်ကောင်းကြောင်း ကြော်ငြာတာပေါ့နော်။ နောက်မှပဲ အဆင်ပြေရင်ပြေသလို ဆီးချိုမုန့်တွေတင်ပေးပါမယ်။ ခုတော့လုပ်နည်းလေး ကြည့်ကြရအောင်

ပါဝင်ပစ္စည်းများ
  • ထောပတ် - ၈၀ ဂရမ်
  • ဂျုံ -၁၀၀ ဂရမ်
  • ကြက်ဥ ၂ လုံး (အနှစ်နဲ့အကာခွဲထားပါ)
  • နွားနို့ - စားပွဲဇွန်း ၂ ဇွန်း
  • ဆီးချိုသကြား (maltitol) - ၄၀ ဂရမ်
  • ပျားရည်  - ၄၅ ဂရမ်
  • baking powder - 1 tsp
  • ချောက်ကလက် chips အနည်းငယ် (ဒါကတော့ မထည့်ပဲ ချန်ခဲ့လို့ရပါတယ်)


 ဒါကတော့ ဆီးချိုအတွက်သုံးတဲ့ မုန့်ဖုတ်သကြားပါ


 မုန့်လုပ်နည်း
  1.  ထုံးစံအတိုင်း ဂျုံ ၊ဘိတ်ကင်ပေါင်ဒါကို ဇကာချထားပါ
  2. ကြက်ဥအကာ နဲ့ သကြားစားပွဲဇွန်း ၁ ဇွန်းကိုရောမွှေပြီး soft peak ရောက်တဲ့အထိ စက်နဲ့မွှေပါ (ပုံမှာပြပေးထားပါတယ်)
  3. နောက် ထောပတ်နဲ့ သကြားကို ပွလာအောင်မွှေပေးပါ (ခါတိုင်းသုံးတဲ့သကြားလောက်တော့ မပွပါဘူး)
  4. ပြီးရင် ပျားရည်ထည့်ပြီးမွှေပါ။
  5. နောက် ကြက်ဥ အနှစ်ကို တစ်လုံးချင်းစီထည့်ပြီး သမအောင်မွှေပေးပါ။
  6. ခုနကမွှေထားတဲ့ ကြက်ဥအကာတွေကို ထည့်မွှေပေးပါ။
  7. ပြီးမှာ ဂျုံ နဲ့နို့ကို ရောမွှေပေးပါ။ (ဂျုံ- နို့-ဂျုံ-နို့- ဂျုံ သိတယ်နော်)
  8. ပြီးရင်မုန့်ဖုတ်တဲ့ဗန်း (၈*၃ ဒါမှမဟုတ် ဒီ့ထက်နဲနဲသေးတဲ့ဗန်းလဲဖြစ်တယ်) ထဲထည့် ၁၇၀မှာ  မိနစ်၂၀နဲ့ ၁၆၀မှာ ၁၃ မိနစ်ဖုတ်ပေးပါ။
အအေးခံပြီးရင်တော့ စားလို့ရပါပြီ။ မုန့်လုပ်ပြီး အဆင်ပြေမပြေကိုလည်း ပြောခဲ့ပါဦးနော်။


7 comments:

cho cho chit said...

မမ ရေ .. ကိတ်မုန့် ဆိုရင်တော့ လာကြည့်ပြီး သရေ ကျယုံငေးကြည့်သွားရတယ် မမ ။။

mstint said...

တီတင့်ရဲ့ ကျွေးမေမေအတွက် နည်းလေးယူသွားတယ် Evy ရေ။ အချိန်ရတာနဲ့ လက်တွေ့ အသုံးချလိုက်မယ် ကျေးဇူးနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thamee Su said...

အိရေ စုအတွက်အဆင်ပြေတယ် စမ်းကြည့်ဦးမယ် ကျေးဇူးတင်ပါတယ်နော်

Tuumar said...

တီမာ့အမေက ဆီးချိုရှိတယ်သမီးရေ
သူ့မှာ အစားရှောင်နေရတာနဲ့စားစရာမရှိသလောက်ကိုဘဲ
ဒီနည်းလေးမှတ်ပြီးလုပ်ကျွေးရမယ်
ကျေးဇူးနော်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိတ်မုန့်ဖုတ်ချင်တာ ခုထိ မအောင်မြင်သေးဘူး...
မဖုတ်ဖြစ်သေးဘူး
တစ်ရက်ရက်တော့ ဖြစ်အောင် ဖုတ်ဦးမယ်။

ချောစု said...

မုန့်ဖုတ်ကြည့်ချင်နေတာ နဲ့ ဒီblog လေးကိုတွေ့လို့ဝမ်းသာသွားပါတယ်နော် . လာလည်ပြီးစမ်းလုပ်ကြည့်ပါ့မယ်..

Anonymous said...

want to eat :)
looks good :P

PPS :)