Tuesday, October 9, 2012

ဆေးဘဲဥ အစပ်ကြော် (Spicy century egg)




ဒီဆေးဘဲဥ အစပ်ကြော်ဟင်းလေးကတော့ စာအုပ်တစ်အုပ်ထဲက နမူနာယူပြီး ပြန်လုပ်ပြထားတာပါ။ သူ့ထဲက အညွှန်းတွေအတိုင်း အတိအကျမဟုတ်ဘဲ ကျွန်မတို့ ဗမာပါးစပ်နဲ့အဆင်ပြေအောင် ခပ်စပ်စပ်ကလေးလုပ်ထားလို့ ထမင်းဖြူဖြူလေးနဲ့ တွဲစားလိုက်ရင် ထမင်းမြိန်စေပါတယ်။ အသားမပါဘူး မဖြစ်ရအောင် အသားလေးတွေကိုလည်း နုတ်နုတ်စဉ်းပြီးထည့်ထားတော့ အသားအရသာနဲ့ ဆော့စ်အရသာရောပြီး အင်မတန်မှလိုက်ဖက်ညီပါတယ်။ ဒါ့အပြင် ဆေးဘဲဥအရသာ ဆိမ့်ဆိမ့်လေးပါတွဲလိုက်တော့ ပိုပြီးစားကောင်းသွားတာပေါ့နော်။ အသားကတော့ ကြက်သား (သို့) ၀က်သားသုံးနိုင်ပါတယ်။ ၀က်သားနဲ့ဆိုရင်တော့ ပိုလိုက်ဖက်မယ်ထင်ပါတယ်။ လုပ်နည်းလေးကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဆေးဘဲဥ ၂လုံး
  • ကြက်သား (သို့) ၀က်သား အနည်းငယ် (နုတ်နုတ်စဉ်း)
  • ခရုဆီ စားပွဲဇွန်း ၁ ဇွန်းလျော့လျော့
  • ငရုပ်ဆီစားပွဲဇွန်း ၂ ဇွန်း
  • ပဲငံပျာရည်အကြည် စားပွဲဇွန်း ၁ဇွန်း
  • ဟင်းခပ်မှုန့် အနည်းငယ်

ချက်ပြုတ်နည်း

  1. ပထမဆုံး ဆေးဘဲဥကို အခွံခွပြီး ရေနွေးဆူဆူမှာ ၅ မိနစ်လောက်စိမ်ထားပေးပါ
  2. ကြက်သားကို ဆားအချိုမှုန့် နယ်ထားပေးပါ
  3. နောက်ဆေးဘဲဥတွေကို ၄ စိတ်စီစိတ်ပြီး ဂျုံမှုန့်လူးပြီး ကြော်ကာ ဆီစစ်ထားပေးပါ
  4. ဆီစားပွဲဇွန်း ၁ ဇွန်းကိုပူအောင်တည်ပြီး ကြက်သားတွေကိုထည့်ကြော်ပေးပါ တဆက်ထည်းမှာပဲ ခရုဆီ၊ ငရုပ်ဆီ နဲ့ ပဲငံပျာရည်၊ ဟင်းခပ်မှုန့်အနည်းငယ်ကိုထည့်ပြီးရေ တစ်ရုပ်ပန်းကန်လုံး ထက်ဝက်ထည့်ပေးပါ။
  5. ဆော့စ်တွေနဲနဲဆူလာပြီဆိုရင် ကြော်ထားတဲ့ ဆေးဘဲဥလေးတွေထည့်၊ ငရုပ်သီးတစ်တောင့် ပါးပါးလှီးထားတွေထည့်မွှေပြီး မီးပိတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ထမင်းပူပူလေးနဲ့ တွဲစားဖို့ ဆေးဘဲဥအစပ်ကြော် အဆင်သင့်ဖြစ်ပါပြီ။

6 comments:

mstint said...

ဆေးဘဲဥကို သုပ်သုပ် ချက်ချက် ကြိုက်တယ် Evy ရေ။ ဆေးဘဲဥ အစပ်ကြော် နည်းလေးယူသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ဆေးဘဲဥချက်နည်းအကုန်မှတ်ထားတယ်မအိရေ သီတာ

Evy said...

တီတင့်၊ မသီတာ ကျေးဇူးပါနော်။ မသီတာရေ မနေ့က ပို့စ်ကနဲနဲပြသနာတက်နေလို့ ပြန်တင်ထားတာ။ မသီတာရေးထားတဲ့ ပထမကွန်မန့်လေးတွေ ပထမပို့စ်နဲ့ရောပြီး ပျက်သွားတာ ဆောရီးနော်

Thamee Su said...

ဆေးဘဲဥ ကြိုက်တယ် အဲလိုလေးမချက်ဖူးဘူး

Thamee Su said...

ဆေးဘဲဥကြိုက်တယ် အဲလိုလေးမချက်ဖူးဘူး

ကူးကူးလှိုင် said...

ပထမဆုံးအကြိမ်လာလည်ရင်း စာတွေဖတ်သွားပါတယ် ဆေးဘဲဥဆို ဘယ်လိုလုပ်လုပ် ကြိုက်တယ်...း)))