Sunday, August 11, 2013

အသုပ်စုံ (သို့) အစုံသုပ်


ပြီးခဲ့တစ်ပတ်က ခရီးသွားနေတာကြောင့် ပို့စ်မတင်တာ နဲနဲကြာသွားတာ။ ဗမာစာနဲ့ ကင်းကွာသွားတဲ့ ၁ ပတ်ကာလအတွင်း စိတ်ထဲတောင့်တ မိတာကတော့ ရိုးရာဗမာအစားအသောက်တွေပါပဲ။ သူတို့နိုင်ငံရဲ့ အစားအသောက်တွေကလည်း စားကောင်းသောက်ဖွယ်တွေပါပဲ။ ဒါပေမယ့် ကိုယ့်ပါးစပ်နဲ့ အရသာမတွေ့တာကတော့ ဆိုးလွန်းတဲ့ ခံစားချက်ပါ။ အနပ်တိုင်းကို အီလည်လည် မကျေမနပ်နဲ့ ဗိုက်ပြည့်ရတာများပါတယ်။ စားလို့ကောင်းတဲ့ ဟင်းပွဲ ၂ မျိုးလောက်တော့တွေ့ခဲ့တယ်။ ဒါပေမယ့်လည်း အမြဲတန်းကျတော့ မစားနိုင်ပြန်ဘူး။ ဗမာဟင်းလျာ မဟုတ်တဲ့ တခြားအာရှ ဟင်းလျာတွေကလည်း ခါတိုင်းစားဖူးနေကျလိုမဟုတ်ပဲ ချဉ်၊ငံ၊စပ် အရသာအားလုံးက ပေါ့ရွှတ်နေပြီး စိတ်တိုင်းကို မကျခဲ့ပါဘူး။ တစ်ခါတစ်လေ ဘာစားလို့စားရမှန်းကို မသိပဲ စိတ်တွေတိုနဲ့ တစ်ပတ်လေးအတွင်းကို တော်တော်ဂွကျခဲ့တာ။  အနောက်တိုင်း အစားသောက်ကို ကိုယ့်ဘာသာလုပ်စားရင်တော့ တော်တော်အဆင်ပြေတာ။ ဟိုကျတော့ ဘယ်လိုဖြစ်တယ်တော့ မသိပါဘူး။ဒါနဲ့ပဲ ပြန်မယ့်ရက်ကျရင်တော့ အိမ်ရှိသမျှဗမာ အစားအစာ စားရမှဖြစ်တော့မယ်ဆိုပြီး အားတင်းပြီးပြန်လာခဲ့ပါတယ်။

 လေဆိပ်ကရောက်ရောက်ချင်း ရေခဲသေတ္တာထဲကို မွှေနှောက်လိုက်တော့ လက်ဖက် ချဉ်ငံစပ်ထွက်လာတယ်။ နောက် ငရုပ်သီးကြော်နဲ့ ငါးပိထောင်း။ ထမင်းလေးကိုချက်ပြီး ရှိတာလေးနဲ့ နယ်ဖတ်စားသောက်လိုက်တာတောင် ကောင်းလိုက်တဲ့ ဖြစ်ချင်း။ တင်းတိမ်တယ်ဆိုတဲ့ အရသာကို အဲဒီတော့မှရတော့တာ။ အဲဒါက စနေနေ့ခင်း။ အဲဒီရောဂါက ဒီနေ့ တနင်္ဂနွေအထိ မဆက်မပြတ်ဘူး။ ဒါနဲ့ပဲ အသုပ်လုပ်စားမယ်ဆိုပြီး အသုပ်စုံတစ်ပွဲဖြစ်လာတာပါပဲ။

ပါတဲ့ပစ္စည်းတွေကတော့ ထွေထွေထူးထူးတောင် ရေးနေစရာမလိုဘူးနော်။ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း အဆင်ပြေတဲ့

  • ခေါက်ဆွဲ
  • ပဲကြာဆံ
  • အာလူး
  • ထမင်းနီ
  • မှိုခြောက်
  • ပဲပင်ပေါက်ရေနွေးဖျော
  • ဂေါ်ဖီထုပ်

အားလုံးကိုသင့်အောင် ရောမွှေပြီး ပုဇွန်ခြောက်ထောင်း၊ ငရုပ်သီးလှော်မွှေးမွှေး၊ ကြက်သွန်နီဆီချက်နိုင်းချင်းကို မန်ကျည်းမှည့်၊ ပဲမှုန့်၊ ငံပျာရည် အားလုံးရောမွှေပြီး အားရပါးရနယ်လိုက်ရင်တော့ ချဉ်၊ငံ၊ စပ်အရသာ အပြည့်နဲ့ အသုပ်ရတာပါပဲ။ ဒီလို အသုပ်က အားရပါးရနယ်စားမှကောင်းတာနော်။ ခပ်ဖွဖွနယ်ရင်တော့ အရသာသိပ်မ၀င်သလိုပဲ။

အသုပ်နဲ့တွဲစားဖို့အတွက် ပူပူစပ်စပ်ဟင်းခါးလေးကို ငရုပ်ကောင်းနိုင်းချင်းခပ်လိုက်တယ်။ ဂေါ်ဖီထုပ်ဟင်းခါးပေါ့။
အဲဒါနဲ့ပဲ အရသာရှိသော တနင်္ဂနွေနေ့လည်စာ အသုပ်နဲ့ ဟင်းခါးရတာပါပဲ။
လာလည်သူများလည်း အရသာရှိသော အသုပ်ကို စာမှတဆင့်ခံစားနိုင်ကြပါစေ။

****ဒီပို့စ်ကတော့ စနစ်တကျ ကြိုမရေးဖြစ်တဲ့ ပေါ့ပေါ့ပါးပါးရေးတဲ့ပို့စ်ပါ၊ အဲဒါကြောင့်မို့ ခါတိုင်းလိုတော့ မဟုတ်ဘူးနော်****************


Friday, August 2, 2013

သက်သတ်လွတ်ဟင်းလျာစုစည်းမှု

 

ဝါတွင်းအတွက် သက်သတ်လွတ်ဟင်းများကို ပြန်လည်စုစည်းပေးလိုက်ပါတယ်

http://www.evyfoodlover.com/2013/05/blog-post_24.html
http://www.evyfoodlover.com/2013/07/blog-post_23.html
http://www.evyfoodlover.com/2013/07/blog-post_31.html
http://www.evyfoodlover.com/2013/07/blog-post_12.html
http://www.evyfoodlover.com/2013/08/blog-post.html
http://www.evyfoodlover.com/2013/07/blog-post_7.html
http://www.evyfoodlover.com/2013/07/blog-post_21.html
http://www.evyfoodlover.com/2013/02/blog-post.html








Thursday, August 1, 2013

လီမွန်ထမင်း - သက်သတ်လွတ်






လီမွန် ထမင်းကတော့ အိန္ဒိယ တောင်ပိုင်းရဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဆီပြန်အသားဟင်းများနဲ့ လိုက်ဖက်သလို သက်သတ်လွတ်စားချင်သူများအတွက်လည်း အာလူးချက်ကဲ့သို့ ဟင်းရံများနှင့် စားသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • basmatiဆန် (သို့) ရိုးရိုးဆန် ၁ ခွက်ခွဲ (ချက်ထားလိုက်ပါ)
  • လီမွန်အရည် -စားပွဲဇွန်း ၃ ဇွန်း
  • မုန်ညှင်းစေ့ လက်ဖက်ရည် ၁ ဇွန်း
  • ပျဉ်းတော်သိမ် အနည်းငယ်
  • ချင်း လက်တစ်ဆစ်စာ (အတုံးသေးသေးလှီးထားပါ)
  • မြေပဲဆံအနည်းငယ်
    ကုလားပဲခြမ်း စားပွဲဇွန်း ၁ ဇွန်းခန့်
    ငရုပ်သီးခြောက် အနည်းငယ်
  • ဆီ - စားပွဲဇွန်း ၃ ဇွန်း
  • ဆား အနည်းငယ်
  • ဆနွင်း- လက်ဖက်ရည် ဇွန်း လေးပုံတစ်ပုံ



ချက်နည်း
ဆီကို အပူပေးပြီး မုန်ညှင်းစေ့ကိုထည့်ကြော်ပါ။
မုန့်ညှင်းစေ့လေးတွေ အပူကြောင့် ပေါက်လာပြီဆိုရင် မြေပဲ နှင့် ကုလားပဲများကို ထည့်ကာ ရွှေညိုရောင်သမ်းအောင်မီးနဲနဲ နှင့်ကြော်ပါ။
 ပျဉ်းတော်သိမ် နဲ့ ချင်းကို ထည့်ပါ။ ငရုပ်သီးခြောက်များကိုလည်း ထည့်ကြော်ပါ
နောက်ဆုံးမှာ ဆား၊ ဆနွင်း ထည့်ပြီး လီမွန်ရည်ပါထည့်ပြီး မီးပိတ်လိုက်ပါ
ချက်ပြီးသားထမင်းများကို အသာအယာ ထည့်မွှေပြီးရင် အသင့်ဖြစ်ပါပြီ