Thursday, May 3, 2012

ကြက်ဥယို ( Homemade Kaya)


ခုတစ်ခါတော့ အိမ်မှာလုပ်နေကြဖြစ်တဲ့ ကြက်ဥယို ထိုးနည်းလေးကို ဝေမျှချင်ပါတယ်။ ဒီနည်းကတော့ အဖွားလက်ထက်ကတည်းက လုပ်ခဲ့တဲ့နည်းလေးပါ။ ဒီဇင်ဘာ ဗမာပြည်ပြန်တော့ ကြီးဒေါ်ကြီးက လုပ်ကျွေးတာနဲ့ ပြန်လုပ်စားဖို့ကို သတိရသွားတယ်။ အပြင်မှာရောင်းတန်းကြက်ဥယိုနဲ့ (ဒီမှာတော့ kaya လို့ခေါ်ကြတယ်) အရသာက တခြားစီပါ။ အိမ်မှာ ကိုယ့်ဘာသာကိုယ် လုပ်စားကြည့်ပြီးရင် အပြင်ကရောင်းတန်းကို လုံးဝမစားချင်တော့တာပါ။ အဲလောက်ကိုကောင်းပါတယ်။ ပြီးတော့ သူတို့က ဆွမ်းမွှေးရွက်အပြင် အစိမ်းရောင်ဆိုးဆေးထည့်တယ်လို့ ထင်ပါတယ်။ ကြက်ဥယိုက စိမ်းစိမ်းကြီးဖြစ်နေတာလေ။ အိမ်မှာလုပ်တော့ သဘာဝ ကြက်ဥရောင် ၀ါဝါလေးရပါတယ်။

လုပ်နည်းကတော့ မထင်ရလောက်အောင်လွယ်ပါတယ်။ ကြက်ဥ (သို့)ဘဲဥ အနှစ် နှစ်သက်ရာကိုသုံးနိုင်ပါတယ်။ အကောင်းဆုံးကတော့ ဘဲဥပေါ့။ ဒီမှာတော့ ကြက်ဥပဲရှိလို့ အဲဒါပဲသုံးလိုက်တယ်။ ပုံမှာပြထားတဲ့ ခွက်လေး တစ်ခွက်စာ အချိုးအစားတွေကိုရေးပါမယ်။ များများလိုချင်ရင် အချိုးအတိုင်းထပ်တိုးပါ။ အဓိကကတော့ ကြက်ဥနှစ်နဲ့ အုန်းနို့က ဆတူဖြစ်ရပါမယ်။

  • ကြက်ဥ အနှစ် ၄လုံး ( ၁၂၀ ဂရမ်ခန့်)
  • အုန်းနို့ဦးရေ (၁၂၀ ဂရမ်)
  • သကြား (၁၂၀ ဂရမ်)

ဒီမှာအရေးကြီးတာ အုန်းနို့ဦးရေ ဖြစ်ဖို့အရေးကြီးပါတယ်။ မဟုတ်ရင် ဒီလိုယိုမဖြစ်ပဲ အဖတ်ဖတ်တွေဖြစ်သွားတတ်လို့ အုန်းနို့ခရင်မ်ဘူးကို မသုံးစေချင်ပါ။ ဗမာပြည်မှာတော့ အုန်းနို့ဦးရေက ရတာလွယ်မှာပါနော်။ ဒီမှာတော့ NTUC မှာအုန်းသီးခြစ်ပြီးသားတွေရောင်းတော့ အဲဒါလေးတွေကိုပဲအရည်ညှစ်ယူလိုက်ပါတယ်။
အပေါ်ရေးထားတဲ့ သုံးခုလုံးကို သေချာအောင်ရောမွှေပြီး ပေါင်းအိုး (ထမင်းချက်တဲ့ အပေါ်ကအံလေး)ထဲမှာ ပေါင်းပါတယ်။ စုစုပေါင်း နာရီဝက်လောက်ကြာအောင် ပေါင်းရပါတယ်။ အရေးကြီးတဲ့ အချက်က ပေါင်းနေတုန်းကို ခဏခဏမွှေပေးရပါမယ်။ မဟုတ်ရင် ပုံမှာပြထားသလို ချောချောမွတ်မွတ်လေး မဖြစ်နိုင်ပါဘူး။ နာရီဝက်ကြာ ပေါင်းပြီးသွားပြီး  ၅မိနစ်လောက်ထပ်မွှေပေးလိုက်ရင် အရသာရှိတဲ့ ကြက်ဥယိုလေးရပါပြီ။ 


****နောက်ပို့စ်မှာ ပိုနေတဲ့ ကြက်ဥအကာတွေကို အသုံးချမယ့် ကြက်ဥလိပ်လုပ်နည်းတင်ပါမယ်*****
အုန်းသီးထုပ်ပုံပါ - Photo courtesy of google image

19 comments:

Anonymous said...

အုန်းသီးခြစ်ပြီးသားက ntuc ဘယ်အတန်းမှာ ရှာရတာလဲ ဟင်

Cameron said...

ကြက်ဥယိုက တကယ့်လွယ်လွယ်မှ လွယ်လွယ်လေးပဲနော်...လုပ်ကြည့်ဦးမယ်..။

Quay Po Cooks said...

Homemade kaya will always taste better than store bought.

Anonymous said...

တစ်ခါမှမစားဖူးဘူးEvy ရေ။
အုန်းနို့ နဲ့ ဆိုတော့ အရသာကောင်းတဲ့ပြင်မွှေးနေမှာပေါ့နော်။
စမ်းလုပ်ကြည့်ရင်တော့ကြိုက်မှာသေချာတယ်။ အုန်းနို့ နဲ့ မုန့် တွေကြိုက်တတ်လို့ လေ။း)
အိုင်အိုရာ

မီးမီးငယ် said...

အရောင်လေးကလှလိုက်တာ...။
စားချင်စရာလေး။

mae said...

kaya အရမ်းကြိုက်တယ်.. အုန်းနို့က cream ဗူး မဟုတ်ရင် ဘယ်လိုသုံးရမလဲ မသိဘူး.. ဒီမှာ အဲ့ဒါပဲ ရတယ်.. လေယာဉ်ကွင်းမှာ ဝယ်မယ်ဆိုတုန်းက ၆ဗူးဝယ်မှ ရမယ်ဆိုလို့

Evy said...

အုန်းသီးခြစ်ပြီးသားကလေ ကျောက်ကျောတို့၊ တို့ဟူးတို့ရောင်းတဲ့အတန်းမှာထားလေ့ရှိပါတယ်

မိုးငွေ့။ အိုင်အိုရာ၊ မီးမီးငယ် Quay Po Cooks Thanks for visiting

mae ရေအဲဒီခရင်ဗူးနဲ့ကအဆင်မပြေဘူး။ အိမ်မှာစမ်းကြည့်ပြီးသွားပြီ။ အဖတ်အဖတ်တွေဖြစ်လာလို့။

mstint said...

ထူးထူးဆန်းဆန်း ကြက်ဥယို လုပ်တဲ့နည်းလေး
မှတ်သားသွားတယ် Evy ရေ။ ကျေးဇူးပါနော်။
ကြုံတုန်းလေး မသိသေးတဲ့နည်းလေးတွေယူသွားတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Coral said...

အမရေ မနက်ဖြန်ရုံးပိတ်ရက်ဆိုတော့ လုပ်ကြည့်ဦးမယ်
လုပ်နည်းလေးတွေ share ပေးတာအတွက် ကျေးဇူးပါနော်

လွင်ပြင်လှိုင်းငယ် said...

အရသာလဲရှိ လွယ်လဲလွယ်တော့ ဒီနည်းအတိုင်း မဒမ်ကိုလုပ်ကျွေးဦးမှ ကျေးဇူးပါဗျာ

စံပယ်ချို said...

အပေါ်ကတစ်ယောက်ကလုပ်ကျွေးမယ်ဆိုလို့
ဒီမှာ မစားသွားတော့ဘူးနော်

Evy said...

အဲလိုတော့ ပြောသွားတာပဲ စံပယ်ရေ။ ရအောင်သာလုပ်ကျွေးခိုင်း။ ခုတစ်လော ညီမကိုမတွေ့တာကြာပြီ။ အစ်မက ညီမဘလော့ကိုတော့ရောက်တယ်။ ဒါပေမယ့် ကဗျာကိုသိပ်မခံစားတတ်လို့ ကွန်မန့်မပေးသွားတာပါ

Shinlay said...

အမေလုပ်လေ့ရှိတာသတိရမိတယ်။

Anonymous said...

Eve, can pls share what is the cocunut cripy look like?
i am so interested to try this on coming weekends.
thank you :D

Evy said...

NTUC က အုန်းသီးအထုပ်ကိုမေးတာလားဟင်?

Anonymous said...

Thanks for ur reply :)
yes, it is from ur recipes list.
"အုန်းသီးခြစ်ပြီးသား" what does it look like?
where is it placed from NTUC ?

PS : pls don't mind for MM typing :P
(don't know how to type :D )

Evy said...

အုန်းသီးခြစ်ပြီးသာ အထုပ်ကိုအင်တာနက်ကရှာပေးလိုက်တယ်။ အဲဒီ အုန်းသီးကလေ ခေါက်ဆွဲအစိုတွေဘာတွေ ရောင်းတဲ့နေရာနားမှာရှိတယ်။

Anonymous said...

thank you, EVY :D
i found it, will try this recipe :P

PPS :)

Anonymous said...

ကျေးဇူးပဲနော် ။ မုန့်ဖုတ်သင်တန်း တက်မိပြီး အိမ်မှာ စမ်းလုပ်ကြည့်နေတာ ပေါင်မုန့်တောင် တူအောင်မလုပ်နိုင်သေးလို့ အားမရဘူး ။ မမျှော်လင့်ဘဲ ဒီ နေရာလေးကို ရောက်လာပြီး လေ့လာခွင့်ရလို့ ကျေးဇူးတင်ပါတယ် ။
အင်တာနက် ကို ဆိုင်မှာ တစ်ခါတလေမှ သုံးနိုင်တာမို့ ပို့စ် တချို့ ကူးယူသွားပါတယ် ။