Wednesday, October 10, 2012

ကလေးတို့အတွက် မီးဖိုချောင်



FOOD magazine လာမယ့် နိုဝင်ဘာထုတ်အတွက် ရေးပေးထားတဲ့ ဆောင်းပါးလေးပါ။

ကလေးတွေဟာ စူးစမ်းလေ့လာတတ်ကြသလို သူတို့ရဲ့ပတ်ဝန်းကျင်မှာတွေ့နေ မြင်နေရတဲ့ အရာတွေကနေ လေ့လာသင်ယူကြတာများပါတယ်။ လူကြီးတွေသိပ် သတိမထားမိတဲ့ အချက်က ကလေးတွေဟာ မီးဖိုချောင်ထဲမှာ ကူညီရတာကို နှစ်သက်ကြတယ်ဆိုတာပါ။ ဘာလို့လဲဆိုတော့ မီးဖိုချောင်ဆိုတဲ့နေရာက သူတို့အတွက် TV ကြည့်သလိုကြားရုံ မြင်ယုံသာမကပဲ သူတို့ကိုယ်တိုင် ၀င်လုပ်ကိုင် (တနည်းအားဖြင့် ဆော့နိုင်)နိုင်တဲ့ နေရာမဟုတ်ပါလား။ ဒါ့အပြင် ကလေးတွေဟာ သူတို့ကိုယ်တိုင်လုပ်ထားတဲ့ အစားအသောက်တွေကို စားရမှာ နှစ်သက်ကြပါတယ်။ အဲဒါလည်းသိပ်သေချာတဲ့ အချက်ပါပဲ။ ဟုတ်မဟုတ်သိချင်ရင် ငယ်ငယ်တုန်းက ဘ၀ကိုခဏလေးပြန်တွေးကြည့်လိုက်ပါ။ ငယ်ငယ်တုန်းက လူကြီးတွေမသိအောင် ခိုးပြီးထမင်း၊ဟင်းချက်တမ်း ကစားခဲ့ဖူးတာတွေလေ။ တကယ့်မီးဖို သေးသေးလေးလုပ်ပြီးဆော့လို့ လူကြီးတွေအသိမှာ အဆူခံအရိုက်ခံရဖူးတာတွေပေါ့။ အဲလိုအတွေ့အကြုံမျိုးကို အများစုကြုံဖူးကြမယ်လို့ ထင်ပါတယ်။

အမှန်မှာတော့ ဒီလိုလုပ်ကိုင်ချင်စိတ်ရှိတာဟာ အင်မတန်ကောင်းမွန်ပြီး သဘာဝကျတဲ့ အနေထားပါ။ မီးဖိုထဲမှာ အန္တရာယ်မဖြစ်ရအောင်သာ လူကြီးတွေက ဂရုတစိုက်ကြပ်မတ်ပေးဖို့ပဲလိုတာပါ။  ကလေးတွေကို မီးဖိုချောင်ဝင်စေတာဟာ သူတို့နောင်လူကြီးဘ၀အတွက် အကျိုးကျေးဇူးအများကြီးရှိစေပါတယ်။ မီးဖိုချောင်ထဲမှာ ရှုပ်ပွတာတာအတွက်တော့ နဲနဲတော့ စိတ်ရှည်ပေးရမှာပေါ့နော်။ ဒီလို လူကြီးမိဘဟင်းချက်တုန်းမှာ သူတို့လေးတွေကို ၀င်ကူစေချင်းအားဖြင့် ကလေးနဲ့ မိဘကြားချစ်ခင်ရင်းနှင်းမှုအတိုင်းအတာကိုလည်း တိုးပွားစေတယ်။ ပြီးတော့ သူတို့ရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုလည်း မြင့်မားစေတယ်။ ဥပမာလူကြီးက " သမီးက လိမ္မာလိုက်တာ၊ သမီးကူလို့ အလုပ်တွေများကြီးပြီးသွားပြီ၊ မဟုတ်ရင်မေမေတစ်ယောက်ထဲ ပြီးမှာမဟုတ်ဘူး " စသည်ဖြင့်ပြောပေးမယ်ဆိုရင် ကလေးတွေရဲ့ စိတ်ထဲမှာ ကျေနပ်မှုကိုရပြီး စိတ်အင်အားလည်း မြင့်မားစေမှာအမှန်ပါပဲ။ ဒါ့အပြင် အသီးအနှံတွေကို ရေတွက်ခိုင်းတာတို့၊  ကူညီချိန်တွယ်ခိုင်းတာမျိုးလေးတွေကလည်း ကလေးတွေရဲ့ သင်္ချာအတွက်အချက်စွမ်းရည်ကိုလည်း တိုးတက်စေပါတယ်တဲ့။ မိဘတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ထိဆက်ဆံစေမှုဟာ သူတို့လေးတွေကို လူမကြောက်သူတွေဖြစ်အောင်၊ အများနဲ့ပေါင်းသင်းဆက်ဆံရာမှာ အဆင်ပြေတဲ့သူတွေဖြစ်အောင် အများကြီးပံ့ပိုးကူညီပေးတယ်လို့ လဲဆိုပါတယ်။

ဒီလောက်ကောင်းတဲ့ ကလေးငယ်ပြုစုပျိုးထောင်ရေးကို ဝေးဝေးသွားစရာမလိုပဲ အိမ်မှာအလွယ်တကူရနေတာကိုလက်တွေ့အသုံးချလိုက်ရအောင်နော်။အဲလို ကလေးတွေကို မီးဖိုထဲမှာ ကူညီခိုင်းတာဟာလည်း သူ့အသက်အရွယ်နဲ့သူသင့်တော်တဲ့ ကူခိုင်းနည်းလေးတွေရှိပါတယ်။

၁ နှစ်အရွယ် ကလေးငယ်များ
ဒီကလေးလေးတွေကတော့ မီးဖိုထဲဘာကူနိုင်ဦးမှာလဲနော်။ ဒါပေမယ့် သူ့တို့ကလည်း မီးဖိုထဲက အတွေ့အကြုံ၊ ကြားနေ၊ မြင်နေရတာတွေကို နှစ်သက်တတ်ပါတယ်။ သူတိုကို ကလေးထိုင်တဲ့ ခုံအမြင့်လေးနဲ့ မီးဖိုထဲမှာထားပြီး အသီးအနှံလေးတွေကို ပြပေးပြီး ဘယ်လိုခေါ်တာလဲဆိုတာလေးတွေပြောပြပေးလိုက်ပါ။ ဖြစ်နိုင်ရင် မကွဲနိုင်တဲ့ ခွက်၊ဇွန်းကလေးတွေနဲ့ ကလေးတွေကိုင်တွယ်နိုင်လောက်တဲ့ အစားအသောက်လေးတွေကို သူ့တို့ကိုယ်တိုင် ထည့်ခိုင်းပြီး စားခိုင်းကြည့်ပါတဲ့။

၂ နှစ်အရွယ် ကလေးငယ်များ
ဒီအရွယ်ကလေးတွေကတော့ စပြီးနဲနဲပါးပါးကူခိုင်းလို့ရတဲ့ အရွယ်လေးတွေပေါ့။  အသီးအနှံတွေရေကူဆေးခိုင်းတာတို့၊ ဆလပ်ရွက်ကလေးတွေ ခွာခိုင်းတာမျိုး၊ စားပွဲသုတ်ခိုင်းတဲ့ အလုပ်မျိုးလေးတွေကို စမ်းပြီး ခိုင်းကြည့်လို့ရပါပြီ

၃ နှစ်အရွယ် ကလေးငယ်
၃ နှစ်အရွယ်ဆိုရင်တော့ သူတို့လက်တွေကိုသုံးပြီး စူးစမ်းတတ်တဲ့အရွယ်ပါတဲ့။ ဒါ့ကြောင့် သူတို့ရဲ့ လက်ကလေးတွေကို အများဆုံးအသုံးပြုနိုင်မယ့် အလုပ်ကလေးတွေရွေးခိုင်းပေးရပါမယ်။ မုန့်နှစ်စပ်တဲ့အချိန်မှာ ရေနဲနဲလောင်းခိုင်းတာတို့၊ မုန့်နှစ်မွှေခိုင်းတာတို့၊ ပေါင်မုန့်ယိုသုတ်ခိုင်းတာမျိုး တို့တွေဆိုရင် သူတို့အရွယ်လေးတွေနဲ့ အသင့်တော်ဆုံးပါပဲ။

၎၊ ၅ နှစ်အရွယ် ကလေးများ
ဒီအရွယ်ဆိုရင်တော့ လက်ချောင်းလေးတွေကို အသုံးပြုရတဲ့ အလုပ်မျိုးလေးတွေက ပိုသင့်တော်ပါတယ်။ ဥပမာ - သံပုရာသီးညှစ်ခိုင်းတာမျိုးလေးတွေ၊ ကြက်ဥခေါက်ခိုင်းတာမျိုးလေးတွေပေါ့။

ဒါပေမယ့် ကလေးတွေကို ကူခိုင်းရာမှာသတိထားသင့်တဲ့ အချက်ကလေးတွေကိုလည်း သိထားသင့်ပါတယ်

  • ကလေးတွေဟာ အာရုံစိုက်အား သိပ်မကောင်းသေးတဲ့အတွက် သူတို့ကို လွယ်ကူမြန်ဆန်တဲ့ အလုပ်ကလေးတွေပဲ ပေးသင့်ပါတယ်။ တစ်ခါထဲမှာစုပြုံ ပြီးခိုင်းတာမျိုးမလုပ်သင့်ပါဘူး
  • ဒါ့အပြင်သူတို့ဟာ အဲလိုကူရပြီဆိုရင် စိတ်လှုပ်ရှား ပြီးပျော်တတ်တာကြောင့် လူကြီးခိုင်းတာ အတိအကျကိုမေ့သွားတတ်ပါတယ်။ ဒါ့ကြောင့် လိုအပ်ရင် စိတ်ရှည်ရှည်လေးထားပြီး ပြန်ပြောပြပေးဖို့တော့ လိုပါလိမ့်မယ်
  • နောက်တစ်ချက်က ကလေးကို မီးဖိုထဲမှာ တစ်ယောက်ထဲလွှတ်မထားပါနဲ့။ အမြဲကြပ်မတ်စောင့်ကြည့်သင့်ပါတယ်။
  • နောက်ဆုံး အရေးကြီးတဲ့ အချက်တစ်ခုကလည်း အားလုံးပြီးသွားရင် ကူသိမ်းခိုင်းတဲ့ အကျင့်ကလေးကိုလုပ်ပေးပါ။  ဒီလိုအကျင့်လေးတွေဟာ လူကြီးဖြစ်တဲ့အထိအထောက်အကူဖြစ်နေမှာမို့ပါ။

ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိပြီဆိုတော့ ကလေးတွေနဲ့အတူ မုန့်လုပ်ကြည့်ဖို့ မုန့် ၂မျိုးကို ရွေးချယ်လိုက်ပါတယ်။

Mix Fruit Yogurt

သစ်သီးမျိုးစုံနဲ့လုပ်တဲ့ မနက်စာလေးပေါ့။

ပါဝင်ပစ္စည်းများ
  • ငှက်ပျောသီးတစ်လုံး
  • ဒိန်ချဉ်ဘူး အသေးလေးတစ်ဘူး (၁၀၀ ဂရမ်)
  • Oat Cereal အနည်းငယ်
  • ချောကလက်အရည် အနည်းငယ်
  • နှစ်သက်ရာအသီးအနှံ 1/4 cup (သေးသေးစိတ်ထား)

  1. ပထမဆုံးမုန့်မလုပ်ခင် သူတို့ရဲ့လက်လေးတွေ ဆေးရမယ်ဆိုတဲ့ အသိကလေးဝင်အောင် လက်ဆေးခိုင်းပါ။
  2. ငှက်ပျောသီးကို သူတို့ကိုယ်တိုင်ခွာပါစေ။
  3. ပြီးရင် ငှက်ပျောသီးကို တစ်လုပ်စာလေးတွေ စိတ်ခိုင်းပါ။ ဒီနေရာမှာ ပလတ်စတစ်ဒါးလေးကို ပေးပြီးစိတ်ခိုင်းပါ
  4. နောက် ခွက်တစ်ခုထဲထည့် ငှက်ပျောသီးထည့်၊ အသီးအနံနဲ့ ဒိန်ချဉ်ပါထည့်ခိုင်းပြီး Oat Cereal  ကိုဖြူးပေးပြီး Chocolateအရည်လေးဆမ်းလိုက်ရင် မနက်စာလေး အသင့်ဖြစ်သွားပါပြီ။
  5.  အဟာရပြည့်ဝပြီး လွယ်ကူတဲ့ မနက်စာပြင်နည်းလေးမို့ ကလေးများပျော်ရွှင်ပြီး နှစ်သက်ကြမှာပါ

6 comments:

Anonymous said...

What a lovely breakfast

Mrs. Bagel said...

မှတ်မိသေးတယ်။ ငယ်ငယ်က အဖွားနဲ့ ကြက်ဥ၊ သကြား၊ နို့မှုန့် လျှောက်မွှေပြီး ကြော်စားတာ။ အဲဒီတုန်းကတော့ တော်တော် စားကောင်းတာပဲ။

Anonymous said...

In search of seeking for a short time for any good quality view involving this one point . Researching in Search engines I eventually have discovered this page. Reading this So i'm thrilled to say that I have a really good sense I discovered just what I was looking for. For certain i will make sure to don't forget this web-site and check it out constantly.

BabyAngle said...

ကလေးလေးရှိလာရင် လုပ်ပေးဖို့ မှတ်သွားပါတယ်နော်အမ...

Anonymous said...

ထင်တော့ထင်သား ဆေးဘဲဥကော်မှုန့်လူးထားတဲ့ပုံလေးရှာမတွေ့လို့ငါမျက်စိမှားတာဖြစ်မယ်လေဆိုပြီးထပ်ခါထပ်ခါရှာကြည့်နေတာ သီတာ

Anonymous said...

nice post :)

PPS :)