Saturday, November 3, 2012

အမဲသားနှပ် (အနောက်တိုင်းစတိုင်)

ကျွန်မတို့အိမ်မှာ အချက်များတဲ့ အသားက ကြက်သားပါ။ ပင်လယ်စာလည်း တစ်ခါတစ်လေချက်ဖြစ်ပါတယ်။ ဒါပေမယ့် အမဲသားကတော့ မေ့နေလျော့နေမှတစ်ခါဆိုသလိုချက်ဖြစ်တယ်။
ဒီတစ်ခါတော့ တောင်းဆိုမှုများကြောင့် အမဲသားနှပ်ချက်ဖြစ်ပါတယ်။
ဒါပေမယ့် ဗမာစတိုင်မဟုတ်ပဲ အနောက်တိုင်းစတိုင် အမဲသားစတူးပါ။
ဆီလည်း အများကြီးထည့်စရာမလိုပဲ အရသာလည်း အရမ်းရှိတာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။  အဆင့်ဆင့်လုပ်နည်းကတော့ အဆင်မပြေတာကြောင့် မရိုက်ထားလိုက်ရဘူး။ ဒါပေမယ့်လည်း ဟင်းချက်တာဆိုတော့လည်း မုန့်လုပ်သလို သိပ်တိတိကျကျမလိုတာမို့ အများစုကပြောပြရုံနဲ့ လုပ်တတ်ကြမှာပါနော်။

ပါဝင်ပစ္စည်းများ
  • အမဲသား ၃၀၀ ဂရမ် (အတုံးလေးတွေတုံးထား)
  • မုန်လာဥနီ ၂ ဥ ( ခပ်ကြီးကြီးလေးတွေလှီးထားပါ)
  • ကြက်သွန်နီ ဥကြီး ၁ ဥ (နုတ်နုတ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၅ မွှာ (နုတ်နုတ်စဉ်းထားပါ)
  • ချင်း အနည်းငယ်
  • ဆီ
  • ပြောင်းဖူးမှုန့် စားပွဲဇွန်း ၁ ဇွန်း
  • သစ်ဂျပိုးမှုန့် လက်ဖက်ရည် ဇွန်းထက်ဝက်
  • တရုပ်မာဆလာ လက်ဖက်ရည် ၁ ဇွန်း
  • အရောင်တင်မှုန့် စားပွဲဇွန်း၁ ဇွန်း
  • ဟင်းချက် ဆန်ဝိုင် စားပွဲဇွန်း ၃ ဇွန်း
  • သကြား လက်ဖက်ရည် ၁ ဇွန်း
  • ဆား လက်ဖက်ရည် ၁ ဇွန်းခွဲခန့်

ချက်ပြုတ်နည်း
  1. ပထမဆုံး အမဲသားကို ဆား၊ ငရုပ်ကောင်းနဲ့ ဆုပ်နယ်ပြီးနာရီဝက်လောက်နှပ်ထားပါ။
  2. နောက်ဆီပူပူမှာ ၂ မိနစ်လောက် အပေါ်ယံလေးတင်းလာအောင်ကြော်ပြီး ဆီစစ်ထားပေးပါ
  3. ဆီစားပွဲဇွန်း ၂ ဇွန်းခန့်ကို ပူအောင်တည်ပြီး ကြက်သွန်ဖြူ၊နီ၊ချင်း ထည့်ကြော်ပါ။
  4. ကြက်သွန်များ ပျော့လာရင် အရောင်တင်မှုန့်၊ မာဆလာ ၊ကရဝေး၊ သစ်ဂျပိုးမှုန့်များကို ထည့်မွှေပါ။ နောက် ဟင်းချက်ဝိုင်ကိုလည်း ထည့်ပေးပါ။
  5. အဲဒီနောက်မှာတော့ ခုနကကြော်ထားတဲ့ အမဲသားတွေကိုထည့်ပေးပါ။
  6. ဆား၊သကြား လည်းတစ်ပါတည်းထည့်မွှေပေးပါ။
  7. မုန်လာဥနီများကိုလည်းထည့် ရေကို အသားမမြုပ်တမြုပ်လေးထည့်ပြီး pressure cooker မှာ နာရီဝက်ခန့်ပေါင်းပေးပါ။
  8. ရလာရင် အပေါ့အငံမြည်းပြီး လိုရင်ဆားထပ်ထည့်ပေးပါ (သတိ- အမဲသားချက်ရင် ငါးငံပျာရည်လုံးဝမသုံးရပါ)
  9. အရသာအနေတော်ဖြစ်ပြီဆိုရင် ရေတရုပ်ပန်းကန်လုံး တစ်ဝက်နဲ့ ပြောင်းဖူးမှုန့်ဖျော်ပြီး ပျစ်လာအောင်တည်ပေးပါ။


ဒါဆိုရင်တော့ အရသာရှိလှတဲ့ အမဲသားဟင်း အဆင်သင့်ဖြစ်ပါပြီ။ ပေါင်မုန့်နဲ့ပဲစားစား၊ ထမင်းနဲပဲစားစားအဆင်ပြေပါတယ်။

3 comments:

Tuumar said...

အမဲနှပ်လေးမြည်းသွားပါတယ် သမီးရေ

Unknown said...

EVYရဲ့အမဲနှပ်လေးမြည်းစမ်းလို့အားပေးသွားပါတယ်
ခင်တဲ့အန်တီလေးမေခင်

Mrs. Bagel said...

လုပ်ကြည့်ဦးမယ် အစ်မ