Friday, December 7, 2012

ဖိလစ်ပိုင်စတိုင်အမဲသားဟင်း




ဟင်းချက်နည်း အဆန်းလေးတွေကို တင်ပါဦးဆိုတဲ့ စာဖတ်သူများအတွက် အရသာကောင်းလှတဲ့  အမဲသားဟင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပိတ်ရက်မှာ ချက်စားလို့ရတာပေါ့နော်။ ဒီနည်းလေးကတော့ ကျွန်မ ရဲ့ အသိ ဖိလစ်ပိုင်သူဆီက ရထားတာပါ။ သူတို့လူမျိုးတွေဟာ ပျော်ပွဲရွှင်ပွဲ နဲ့ မိတ်ဆုံစားပွဲတွေကို ၀ါသနာပါကြတာ များပါတယ်။ ဒါ့အပြင် အချက်အပြုတ်လဲ ကောင်းကြပါတယ်။ ဒီဟင်းကိုတော့ သူတို့အိမ်က ညစာစားပွဲ တစ်ခုကိုသွားရင်းနဲ့ ရခဲ့တာပါ။ ဟင်းကတော့ သူတို့ချက်တဲ့အတိုင်း အမဲသားနဲ့မို့အဲဒါနဲ့ပဲ ပြန်ချက်ပြထားတာပါ။ ကြက်သား (သို့) ၀က်သား နှစ်သက်ရာ အသားတစ်ခုခုနဲ့ ချက်လဲရမယ်လို့ ထင်ပါတယ်။ ကြက်သားနဲ့ တစ်ခါချက်ကြည့်ဖူးပါတယ်။ အမဲသားနဲ့ အရသာက ပိုကောင်းတယ်လို့ ထင်မိပါတယ်။ ဆီမသုံးပဲ ထောပတ်ပဲ သုံးထားလို့ အနံ့လေးကလဲ မွှေးကြိုင်နေတာပါပဲ။ ဒီဟင်းမှာ အဓိကအကျဆုံးက မှို၊ငရုပ်ကောင်းဆော့စ်ပါပဲ။ သူက အခရာပါ။ စမ်းချက်ကြည့်ဖို့ ချက်နည်းလေး ရေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • အမဲသား ၃၀၀ ဂရမ်
  • ဘရိုကိုလီ အသေးတစ်ပွင့်
  • ရှီတာကီမှို အခြောက် ( ၆ ခုလောက်ကိုရေစိမ်ပြီး လှီးထားပေးပါ) 
  •  
  •  
  •  
  • ဆော့အတွက်

  • ဘူးထဲကမှို ( ကောက်ရိုးမှိုခေါ်မလား ) ထက်ဝက် (လက်တစ်ဆုပ်စာ)- ကြိတ်ထားပေးပါ
  • ကြက်သွန်ဖြူ ၁ ဥလုံး - နုတ်နုတ်စဉ်းထားပေးပါ
  • ငရုပ်ကောင်း လက်ဖက်ရည် ၂ ဇွန်းခွဲ
  • သကြား လက်ဖက်ရည် ၂ ဇွန်း
  • ပဲငံပျာရည် အကြည် စားပွဲဇွန်း ၁ ဇွန်း
  • ပဲငံပျာရည် အနောက် စားပွဲဇွန်း၁ဇွန်း
  • ထောပတ် ၅၀ ဂရမ်




အမဲသားကို လက်တစ်လုံးသာသာလောက်ကလေးတွေတုံးထားပြီး ဟင်းချက်ဆန်ဝိုင် (စားပွဲဇွန်း ၁ ဇွန်း)၊ရှာလကာရည် (စားပွဲဇွန်း ၁ ဇွန်း)၊ ဆား လက်ဖက်ရည် ၁ ဇွန်း။ ဂျင်းအနည်းငယ်ထောင်းပြီး နာရီဝက်လောက် နှပ်ထားပေးပါ။ ပြီးရင် pressure cooker မှာ နူးတဲ့အထိ မိနစ် ၃၀လောက်ပေါင်းပေးပါ။ ဘရိုကိုလီကိုလည်း လှီးထားပေးပြီး ရေဆေးထားပါ။ ဘရိုလီကို ရေနွေးနဲ့ မပြုတ်ပဲ ပေါင်းပါမယ်။ အိုးတစ်လုံးထဲမှာ ရေလေးနဲနဲလေး (ပါလေကာမျှ)တောက်ပြီး လှီးထားတဲ့ ဘရိုကိုလီအရိုးတွေကိုထည့်ပါ ပြီးမှအဖူးလေးတွေကိုထည့်ပြီး မီးပြင်းပြင်းမှာ ၅မိနစ်တည်ပါ။ ပြီးတာနဲ့ မီးပိတ်ပြီး ထောပတ်စားပွဲဇွန်း ၁ ဇွန်စာလောက်ကိုရောမွှေပြီး ဆားလက်ဖက်ရည်ဇွန်းတစ်ဝက်လောက်ထည့်မွှေလိုက်ပါ။ ဒါဆို ဘရိုကိုလီအဆင်သင့်ဖြစ်ပါပြီ။ ဒီနည်းဟာ ပြုတ်တာ ကြော်တာထက် အရသာပိုကောင်းမွန်ပြီး အဟာရလည်း ပိုပြည့်ဝါတယ်


ကဲစချက်မယ်။
  1. ပထမဆုံး ဒယ်အိုးထဲမှာ ထောပတ်ကို အပူပေးပြီး ကြက်သွန်ဖြူတွေကို ရွှေညိုရောင်သမ်းအောင် ကြော်ပေးပါ။
  2.  ပြီးရင် ကြိတ်ထားတဲ့မှို၊ ငရုပ်ကောင်း၊ ပဲငံပျာရည် အကြည်၊အနောက် ၊သကြား၊ထည့်ပြီးမွှေပေးပါ။
  3. နောက်အမဲသားတွေကိုထည့်ကြော်ပေးပါ။ ၂ မိနစ်လောက်ကြော်ပြီးရင် မှိုထည့်၊ ရေ တစ်ခွက်လောက်ထည်ပြီး ဆူအောင်တည်ထားပေးပါ။
  4. နဲနဲလေး ရေခမ်းလာပြီဆို ချလို့ရပါပြီ။ ပန်းကန်းထဲမှာ ပေါင်းထားတဲ့ ဘကိုလီထည့် အမဲသားထည့်ပြီးရင် သုံးဆောင်လို့ရပါပြီ။

4 comments:

mstint said...

Evy ပို့စ်လေးမြင်လိုက်လို့ အသည်းအသန်ပြေးလာတာ အမဲသားဖြစ်နေတယ်း) အရှုံးမရှိပါဘူး သားတွေအတွက် ဖိလစ်ပိုင်စတိုင် အမဲသားဟင်း နည်းနိဿယလေး မ, သွားပြီနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Tuumar said...

စားချင်စရာကောင်းတဲ့ဟင်းလေးမို့ နည်းလေးယူသွားတယ်နော်

ဇင်မျိုး said...

ကျွန်တော်အစားအသောက်မက်တဲ့သူမလို့ အစားအသောက်ဆိုဒ်လေးတွေအရမ်းသဘောကျပါတယ်... အထူးသဖြင့် မြန်မာလိုရှင်းရှင်းလေးရေးပေးတဲ့ဆိုဒ်တွေပေါ့...

ကျွန်တော် android ဖုန်းတွေမှာ လွယ်လွယ်ကူကူဖတ်လို့ရအောင် အစားအသောက်ဆိုဒ်လေးတွေစုပြီး apk တစ်ခုလုပ်ထားပါတယ်...

ကံဆိုးစွာပဲ မ၀တ်ရည်food house က wordpress ဖြစ်နေလို့ rss အဆင်မပြေတာနဲ့ ကျန်တဲ့ ကျွန်တော်သိတဲ့ ဆိုဒ် ၄ ခုကိုပဲ လုပ်ထားလိုက်ပါတယ်... အမှန်တော့ကိုယ့်ဖာသာသုံးဖို့ပါ... ဒါပေမယ့် ကာယကံရှင်တွေကိုလည်း ခွင့်မတောင်းရသေးတော့ ခွင့်တောင်းတဲ့သဘောရော လိုရင်သုံးလို့ရအောင်ရောပါ လာပေးတာပါခင်ဗျ...

http://www.directmirror.com/files/SDCBW4RF

ဒီလင့်ခ်လေးမှာဝင်ယူလို့ရပါတယ်... မကြိုက်ဘူးဆိုရင်လည်းပြောပါ... ချက်ခြင်းပြန်ဖျက်ပေးပါ့မယ်ဗျ...

Evy said...

ရပါတယ် ကိုဇင်မျိုးရေ။ အဆင်ပြေသလို link လုပ်ပါ။