ဒီတစ်ခါတော့ ခရမ်းသီးကို
သာမန်ချက်နည်းဖြစ်တဲ့ နှပ်တဲ့နည်းကနေခွဲထွက်ထားတဲ့ အစပ်ချက်နည်းလေးပါ။ အချိန်တိုအတွင်းမှာ
လုပ်စားလို့ရပြီးအရသာကလည်း တော်တော်ကောင်းမွန်တာကြောင့် စာဖတ်သူများအကြိုက်တွေ့နိုင်မယ့်
ဟင်းတစ်ခွက်ဆိုတာ အသေအချာပါပဲ။ ဒီဟင်းကတော့ တရုပ်စာစစ်စစ်ပါပဲ။ အစပ်အရမ်းစားတဲ့ စီချွမ်းနယ်ဖက်ကဟင်းတွေနဲ့
တော်တော်ဆင်တူပါတယ်။ စင်္ကာပူက စားဖိုမှူးတစ်ယောက်က အစပ်စားတဲ့သူတွေအတွက် သူကိုယ်တိုင်ပြုပြင်ပြောင်းလဲထားတဲ့ဟင်းပါ။
အဲဒါကို ကျွန်မက ထပ်ပြီး ဗမာပါးစပ်နဲ့ အဆင်ပြေအောင် အနည်းငယ်ပြန်လည် ပြင်ဆင်ထားတာမို့
အားလုံးနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခရမ်းသီးအရှည်အကြီး ၂ လုံး ( လေးစိတ်ကွဲ လှီးပြီး ၃ ပိုင်း သို့ ၂ ပိုင်း ပိုင်းထားပါ)
- ကြက်သား (သို့) ၀က်သား ၁၀၀ ဂရမ်
- ကြက်သွန်ဖြူ ၅ မွှာ (နုတ်နုတ်စဉ်း)
- ချင်း လက်တစ်ဆစ်စာ (နုတ်နုတ်စဉ်း)
- စီချွမ်း ငရုပ်ကောင်းစေ့ ၄၊ ၅ စေ့ခန်း (မပါလည်းရပါတယ်)
- ငရုပ်အကြမ်းမှုန့် လက်ဖက်ရည် ဇွန်း ၂ ဇွန်း
- ကြက်သားအဆီ လက်ဖက်ရည်တစ်ဇွန်း+ ရေတရုပ်ပန်းကန်လုံးတစ်လုံးနီးပါး (Chicken stock)
ဆော့စ်
- တရုပ်ပဲငါးပိ အစပ် (တိုပန်ဂျန်) - လက်ဖက်ရည် ၁ ဇွန်း
- ဟင်းချက်ဆန်ဝိုင် စားပွဲဇွန်း ၂ ဇွန်း
- ပဲငံပျာရည် အကြည် စားပွဲဇွန်း ၁ ဇွန်းခွဲ
- ပဲငံပျာရည်အနောက် လက်ဖက်ရည် ဇွန်း တစ်ဝက်
- သကြားလက်ဖက်ရည် ၁ ဇွန်း
- နှမ်းဆီလက်ဖက်ရည် ၁ ဇွန်း
ချက်နည်း
- ပထမဆုံး ခရမ်းသီးတွေကို ဆီပူပူမှာ အညိုရောင်သမ်းတဲ့အထိကြော်ပြီး ဆယ်ထားလိုက်ပါ
- ဆီစားပွဲဇွန်း ၃ ဇွန်းခန့်ကို အပူပေးပြီး ငရုပ်သီးအကြမ်းမှုန့်ထည့်ကြော်ပါ
- နောက် ကြက်သားများကို ထည့်မွှေပြီး အရောင်ပြောင်းပါက ချင်း၊ကြက်သွန်ဖြူ၊ ငရုပ်ကောင်းစေ့များကို ထည့်လှော်ပါ
- နောက် ကြော်ထားတဲ့ ခရမ်းသီးများကိုထည့်ပြီး ဆော့စ်ကိုလည် ထည့်မွှေပေးပါ။
- အပေါ်မှာပြင်ထားတဲ့ ကြက်သား stock တရုပ်ပန်းကန်လုံး တစ်ဝက်ကိုလည်း ထည့်မွှေပေးပြီး မီးပြင်းပြင်းနဲ့ ဆူအောင်တည်ပါ။
- ၅ မိနစ်လောက်နေရင် ကျန်တဲ့ stock ထဲကို ပြောင်းဖူးမှုန့်လက်ဖက်ရည် ၁ ဇွန်းထည့်ကာ ဟင်းထဲကို ရောမွှေပေးလိုက်ပါ
- နောက်ရေခန်းပြီး ဆီပြန်လာတဲ့ အထိတည်ရင် ရပါပြီ
1 comment:
ခရမ်းသီးပဲငါးပိအစပ်ချက်လေးကို လေ့လာ မှတ်သားသွားတယ် Evy ရေ... တီတင့်အတွက်တော့ ဟင်းချက်ရတာ မုန့်လုပ်ရတာထက် ပိုလွယ်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment