ခုတစ်ခါလုပ်ပြထားတာကတော့
Brownies Cookie ပါ။ ဟိုတုန်းက Brownies လုပ်နည်းကိုရေးခဲ့ဖူးတယ်နော်။ အဲဒါကတော့ ရိုးရိုး
Brownies ပေါ့။ ခုတစ်ခါတော့ Cookie လိုလုပ်ပြထားထားတာ။ ချောကလက်နှစ်သက်သူများ သဘောကျကြမယ့်
မုန့်တစ်ခုပါပဲ။
ပါဝင်ပစ္စည်းများ
- ချောကလက် ( Semi Sweet) ၁၅၀ ဂရမ်
- နေကြာဆီ ၁၂၀ ဂရမ်
- သကြား ၁၈၀ ဂရမ်
- ကြက်ဥ ၂ လုံး
- ဂျုံ ၆၅ ဂရမ်
- Baking Powder လက်ဖက်ရည် ဇွန်း ၁ ဇွန်းခွဲ
- ကိုကိုးအမှုန့် ၆၅ ဂရမ်
- ဗနီလာ အမွှေးနံ့ လက်ဖက်ရည် ၁ ဇွန်း
မုန့်ဖုတ်နည်းအဆင့်ဆင့်
- ပထမဆုံး ချောကလက်နဲ့ ဆီနဲ့ ရောပြီး အရည်ပျော်အောင်ကျိုပြီး အအေးခံထားပါ ။(အဲဒီချောကလက်ကို အရည်ပျော်အောင်လုပ်တဲ့နေရာမှာ ရေနွေးငွေ့သုံးပါတယ်။ အရွယ်တော်အိုးလေးတစ်ခုကို ရေထက်ဝက်လောက်ထည့်ပြီး အဲဒီအပေါ်မှာမှ ချောကလက်၊ဆီထည့်ထားတဲ့ ခွက်ကိုတင်ပါ။ ဘာလို့လဲဆိုတော့ မီးအပူနဲ့တိုက်ရိုက်ထိတဲ့ ချောကလက်တွေဟာ ခါးသက်ပြီးတူးသွားတတ်လို့ မီးအပူဟာ ချောကလက်ရဲ့ရန်သူလို့တောင် ပြောလို့ရပါတယ် )
- ဂျုံ၊ ပွဆေး နဲ့ ကိုကိုးမှုန့်ကို ဇကာချထားပါ။
- ကြက်ဥ၊ ဗနီလာ နဲ့ သကြားကို ပွလာအောင် စက်နဲ့ ခေါက်ပေးပါ။ Ribbon like stage ဖြစ်ရပါမယ်။ အဲလိုဖြစ်ဖို့ ၅ မိနစ်လောက်တော့ကြာပါလိမ့်မယ်။ အဲလိုဖြစ်လာပြီဆိုရင် ချောကလက်-ထောပတ်အရည်ကို အသာအယာ ထည့်မွှေပေးပါ။
- နောက်ဆုံးမှ ဂျုံအရောကို ထည့်မွှေပေးပါ
- မုန့်သားရပြီဆိုရင် မုန့်ဖုတ်မယ့် ဗန်းမှာပုံပါအတိုင်း မုန့်နှစ်လေးတွေကို ၁ လက်မအကွာလောက်စီ ချပေးပါ။
- ပြီးရင် ၁၇၀ ဒီဂရီမှာ ၁၇ မိနစ်လောက်ဖုတ်ပေးပါ။ အအေးခံပြီးရင်တော့ အရသာရှိလှတဲ့ Brownies cookie လေးတွေအသင့်ဖြစ်နေပါပြီ။
1 comment:
Brownies Cookies လုပ်နည်းလေး မှတ်သွားပြီ Evy ရေ... စားချင်စဖွယ် ကွတ်ကီးလေးတွေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment