Saturday, September 29, 2012

ဆေးဘဲဥ တာရီယာကီ





 ဆေးဘဲဥကို ရိုးရိုးသုပ်စားရမှာ ရိုးနေပြီထင်တဲ့ သူများအတွက် အောက်တိုဘာထုတ် FOOD Magazine မှာ ဆေးဘဲဥဟင်းချက်နည်း မျိုးစုံကိုဖော်ပြထားပါတယ်။ ဒါလေးကတော့ဆေးဘဲဥ ချက်နည်းများထဲက တစ်မျိုးဖြစ်တဲ့ ဆေးဘဲဥ တာရီယာကီပါ။



ဒီဟင်းလေးကတော့ ဆေးဘဲဥကို ထက်ဝက်ဝက်၊ ကြက်သားတစ်ဝက်နဲ့ရောပြီး ကြက်သားဆေးဘဲဥအလုံးလေးတွေဖြစ်အောင်လုပ်ထားတာပါ။ ကျွန်မတို့ အိမ်နားက shopping mall မှာ Teriyaki Chicken Ball ဆိုပြီး ကင်ထားတဲ့ ကြက်သားလုံးလေးတွေကို Teriyaki ဆော့စ်ဆမ်းထားတာလေးတွေရောင်းပါတယ်။ အရသာကလည်းအင်မတန်ကောင်းပါတယ်။ အဲဒါလေးတွေကိုကြည့်ပြီး ဒီလဆေးဘဲဥမျိုးစုံဆိုတော့ အဆန်းလေး စမ်းသပ်ကြည့်ဖို့ အကြံရသွားတာပါ။ ကြက်သား Teriyaki ဆော့စ်က သူ့ဘာသူကောင်းပြီးသားကို ဆေးဘဲဥ အနှစ်ဆိမ်ဆိမ့်လေးရဲ့ အရသာနဲ့ တွဲလိုက်တော့ ပြောစရာမလိုအောင် စားလို့ကောင်းသွားပါတယ်။ ဒီဟင်းလေးကတော့ ထမင်းနဲ့စားတာထက် Appetizer လိုမျိုးစားဖို့ပိုပြီး သင့်တော်ပါတယ်။ လုပ်နည်းလေးကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဆေးဘဲဥ ၂လုံး ထက်ဝက်ခြမ်းထားပါ
  • ကြက်သား (သို့) ၀က်သား အနည်းငယ် (နုတ်နုတ်စဉ်း)
  • ပြောင်းဖူးမှုန့် လက်ဖက်ရည် ၁ ဇွန်း
  • ကြက်သားမှုန့် လက်ဖက်ရည်၁ ဇွန်း
  • ကြက်သွန်ဥသေး ( Shallot) ၂ ဥ (နုတ်နုတ်စဉ်း)
  • မုန်လာဥနီအနည်းငယ် (နုတ်နုတ်စဉ်း)
  • ကြက်သွန်ဥ အသေး ၂ လုံးကိုပါးပါးလှီးထားပါ
  • တာရီယာကီဆော့ ဟင်းချိုဇွန်းကြီး ၁ ဇွန်းခွဲ
  • ပဲငံပျာရည် စားပွဲဇွန်း ဇွန်းဝက်
  • အချိုမှုန့်အနည်းငယ်
  • ငရုပ်ကောင်းအနည်းငယ်


ပြင်ဆင်နည်း

  • အသားနဲ့ နုတ်နုတ်စဉ်းထားတဲ့အဆာပလာတွေကို ရောနယ်ပေးထားပါ။
  • နယ်ထားတဲ့ အဆာပလာတွေကိုထက်ခြမ်းခြမ်းထားသော ဆေးဘဲဥအခြမ်းတွေမှာ ကပ်ပေးပြီး ပြောင်းဖူးမှုန့်လူးကာဆီပူပူမှာ ၁၀ မိနစ်လောက်ကြော်ပြီး ဆီစစ်ထားပေးပါ
  • ဆီစားပွဲဇွန်း ၁ ဇွန်းကို အပူပေးပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်တွေကို ထည့်ကြော်ပေးပါ။ ၁ မိနစ်လောက်နေရင် တာရီယာကီဆော့၊ ပဲငံပျာရည်၊ အချိုမှုန့်၊ ငရုပ်ကောင်းကိုထည့် ရေလေးနဲနဲထည့်ပြီး ဆူလာအောင် တည်ပေးပါ။
  • ဆူလာရင် ခုနကကြော်ထားတဲ့ဘဲဥတွေကိုထည့်ပြီး သမအောင်မွှေပေးပါ။
  • ၂မိနစ်လောက်နေရင်ချပြီး ကြက်သွန်မိတ်ဖြူးပြီးသုံးဆောင်ပါ။

6 comments:

မီးမီးငယ် said...

ဒီကိုရောက်လာရင်..၊
တကယ့်စားသောက်ဆိုင်ကြီးထဲဝင်သွားတဲ့အတိုင်းပါလား။
သာရေယိုစရာတွေများလိုက်တာ..။
ခပ်လွယ်လွယ်လေးတွေဆိုရင်၊
လိုက်လုပ်ကြည့်တတ်ပါတယ်။
:)))

Thamee Su said...

magazine ထဲတော့ဖတ်ပြီးပြီ တရက်ရက်တော့လုပ်စားမယ် ကျေးဇူးတင်ပါတယ် မအိရေ

mstint said...

တကယ့်ကို ထူးထူးဆန်းဆန်းပဲ Evy ရေ။ ဆေးဘဲဥကို သုပ်စားတာကလွဲလို့ ဘာမှမလုပ်ဘူးတော့ ဆေးဘဲဥ တာရီယာကီ ချက်နည်းလေးမှတ်သွားပြီ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ရှယ်ဘဲ သီတာ

Unknown said...

စားချင်စရာကောင်းလိုက်တာ...ချက်စားကြည့်ဦးမယ်..တော်လိုက်တာ..

Anonymous said...

new recipe
wanna try taste :P

PPS :)