Saturday, October 27, 2012

မွှေစက်၊ အာဗင်မသုံးတဲ့ Cup Cake



ဒီတစ်ခါမှာလည်း မွှေစက်သုံးစရာမလိုတဲ့ ကိတ်မုန့်နောက်တစ်မျိုးကိုပြောပြပေးချင်ပါတယ်။ မူရင်းလုပ်နည်းကတော့ အာဗင်တောင်သုံးစရာမလိုပါဘူး။ ရေဆူဆူမှာပေါင်းလိုက်တဲ့ ကိတ်ပေါ့။ ကျွန်မကတော့ စက္ကူခွက်အသေးလေးတွေနဲ့လုပ်မှာဆိုတော့ ပေါင်းလို့မဖြစ်တဲ့အတွက် အာဗင်ကိုပဲ သုံးလိုက်ပါတယ်။
Cup cake လေးတွေကို ကျွန်မသဘောကျမိတဲ့ အကြောင်းအရင်းက လုပ်ရတာမြန်ဆန်ပြီး စားတဲ့ပမာဏကို ထိန်းချုပ်လို့ရတာပါပဲ… အဲ တစ်ခုထက်ပိုပြီး အဆက်မပြတ်စားနေရင်တော့လည်း မသိဘူးပေါ့လေ။ နောက်တစ်ခုကောင်းတာက လိုချင်သလိုအလှဆင်လို့ရတာပါ။ တစ်ခုနဲ့တစ်ခု တူနေစရာမလိုပဲ စိတ်ကြိုက် ခရင်မ်လေးတွေနဲ့ အလှဆင်လို့ သိပ်ကောင်းပါတယ်။
ကျွန်မလုပ်ပြထားတဲ့ ကိတ်မုန့်လေးတွေကိုတော့ ချောကလက်ခရင်မ်နဲ့အလှဆင်ထားပါတယ်။ အပေါ်ကပန်းပုံလေးတွေ တချို့ကဆိုင်က၀ယ်ပြီး တချို့ကို ကိုယ်တိုင်လုပ်တာပါ
ကဲလုပ်နည်းလေးကြည့်ရအောင်။ 

ပါဝင်ပစ္စည်းများ
  • ဆီ ၉၀ ဂရမ် (စားပွဲဇွန်း ၆ ဇွန်း)
  • သကြား ၁၀၀ ဂရမ်
  • နို့စိမ်း ၁၀၀ ဂရမ်
  • ကြက်ဥ တစ်လုံး (ခေါက်ထားပါ)
  • ဂျုံ ၅၀ ဂရမ်
  • ကိုကိုးပေါင်ဒါ ၂၅ ဂရမ်
  • ဘိတ်ကင်ပေါင်ဒါ လက်ဖက်ရည်ဇွန်း မပြည့်တပြည့်
  • ဗနီလာအနံ့ အနည်းငယ်

ပြုလုပ်နည်း

  1. နို့၊ သကြား၊ ဗနီလာအနံ့ကိုရောမွှေပြီး မီးပေါ်မှာပူအောင်တည်ပေးပါ။ သကြားပျော်စပြုရင်ဆီကို ထည့်မွှေပေးပါ။ မီးပိတ်ပြီး အအေးခံထားပါ
  2. အေးသွားမှ ကြက်ဥကိုထည့်မွှေလိုက်ပါ
  3. ဂျုံ၊ ကိုကိုးပေါင်ဒါကိုလည်း စကာချထားပြီး ခုနက နို့၊သကြား၊ဆီ၊ကြက်ဥအရောကို ထည့်မွှေပေးပါ။
  4. ဒါဆိုရင်မုန့်နှစ်အသင့်ဖြစ်ပါပြီ
  5. မုန့်ခွက်လေးတွေထဲထည့်ပြီး ၁၇၀ ဒီဂရီ အာဗင်မှာ ၁၈ မိနစ်လောက်ဖုတ်ပေးရင်ရပါပြီ
  6. ဒါမှမဟုတ် ပေါင်းချင်တယ်ဆိုရင်တော့ ဗန်းမှာထည့်ပြီး ရေဆူဆူမှာအဖုံးအုပ်ပြီး ၄၅ မိနစ်လောက်ပေါင်းပါ။
  7. အေးသွားမှ လိုသလိုအလှဆင်ပါ။


အားလုံးပဲ စိတ်ကြိုက်မုန့်လေးတွေလုပ်ကြည့်နိုင်ပါစေလို့ …

4 comments:

Thamee Su said...

မအိရေ ခွက်ကလေးတွေက စက္ကူခွက်လေးတွေလား ဒါလေးလုပ်ကြည့်မယ်

Tuumar said...

နေမကောင်းတော့ ဘာလေးတွေစားချင်နေမှန်း မသိပါဘူးသမီးရယ် ကိတ်လေးတွေဘဲအားပေးသွားတော့မယ်နော်

BabyAngle said...

ချစ်စရာလေးတွေ လုပ်ကြည့်အုံးမယ်အမ..

Unknown said...

I'll try soon.Thanks for sharing,sis!