Friday, February 15, 2013

ကြက်သားမှိုကြော်ချက် (အစပ်)




ဒီကြက်သားဟင်းကတော့ မှိုခြောက်နဲ့မို့လို့ အချိုဖြစ်မယ်ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ ငရုပ်သီး အစိမ်း၊အနီ ၊အခြောက် ၊ ငရုပ်ကောင်းများပါဝင်တာကြောင့် စပ်ပြီး အရသာထူးကဲသော ဟင်းတစ်ခွက်ပါ။ ချက်နည်းလဲ လွယ်ကူပြီး ပါဝင်ပစ္စည်းများကလည်း ဗမာမီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေပဲ သုံးထားတာပါ။

ပါဝင်ပစ္စည်းများ

ကြက်တောင်ပံ ၃ ခု
2.    မှိုခြောက်အနည်းငယ် (လှီးထားပါ)
3.    ကြက်သွန်မိတ် ၁ပင် (သေးသေးလှီးထားပါ)
4.    ငရုပ်သီးစိမ်း ၃ တောင့် (သေးသေးလှီးထားပါ)
5.    ငရုပ်သီးနီ ၃ တောင့် (သေးသေးလှီးထားပါ)
6.    ငရုပ်သီးခြောက် ၃ တောင့် (သေးသေးလှီးထားပါ)
7.    ငရုပ်ကောင်းစေ့ အနည်းငယ်

ဟင်းခပ်ပစ္စည်းများ
·         တရုပ်ဟင်းချက်ဝိုင် (စားပွဲဇွန်း ၁ ဇွန်း)
·         ခရုဆီစားပွဲဇွန်း ၁ ဇွန်း
·         သကြားလက်ဖက်ရည် ၁ ဇွန်း
·         ဆားလက်ဖက်ရည် ၁ဇွန်း
·         နှမ်းဆီလက်ဖက်ရည် ၁ ဇွန်း
·         ကော်မှုန့် အနည်းငယ် (လက်ဖက်ရည် ၁ဇွန်းခန့်)

ချက်ပြုတ်နည်း
  1. ဆီစားပွဲဇွန်း ၃ ဇွန်း နဲ့ နှမ်းဆီကိုရော အပူပေးပြီး ကြက်သားများကို ကြော်ပေးပါ။
  2. အညိုရောင်နဲနဲသမ်းရင် ငရုပ်သီးအားလုံးနဲ့ ကြက်သွန်မိတ်ကိုထည့်ကြော်ပါ။
  3. အနံ့မွှေးလာရင် မှိုခြောက်နဲ့ ငရုပ်ကောင်းကို ထည့်ကြော်ပေးပါ။ ကော်မှုန့်ကလွဲလို့ ကျန်တဲ့ ဟင်းခပ်ပစ္စည်းတွေကိုလည်း ထည့်ပေးပါ
  4. ၂ မိနစ်လောက်နေရင် ကော်မှုန့်ကို ရေ တရုပ်ပန်းကန်လုံးတစ်လုံးနဲ့ ဖျော်ထည့်ပေးပြီး မီးနဲနဲနဲ့  မိနစ် ၂၀လောက်တည်ပေးပါ။
  5. အရည်ပျစ်ပျစ်ကျန်ရင် မီးပေါ်မှချပြီး သုံးဆောင်ပါ။

2 comments:

Candy said...

စမ်းချက်ကြည့်မယ် မမ :D

Aunty Tint said...

တီတင့်နဲ့သားနှစ်ယောက်က အစပ်သိတ်မစားတော့ ငရုပ်သီးတွေလျှော့ထည့်ပြီး စမ်းချက်မယ် Evy ရေ။ နည်းလေးယူသွားတယ်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်