Wednesday, March 13, 2013

Apple pie (ပန်းသီးမုန့်)





ကိတ်မုန့်တွေအပြင် စားလို့ကောင်းတဲ့ နောက်ထပ်မုန့်လေးတစ်မျိုးက Apple pie ပါ။ သူကတော့ Pastry အမျိုးအစားထဲမှာပါတာပေါ့။ ကျွန်မကိုယ်တိုင်လည်း ကိတ်မုန့်နဲ့ ယှဉ်ရင် အချိုပိုနည်းတဲ့ pastry တွေကိုပိုနှစ်သက်တာ အမှန်ပါပဲ။ ဒါပေမယ့်လည်း ကိတ်ကလုပ်ရတာ မြန်တာကြောင့် ကိတ်ကို ပိုလုပ်ဖြစ်တာများတယ်။
ခုတော့ မလုပ်တာကြာနေပြီဖြစ်တဲ့ Pastry မုန့်လေးထဲက Apple pie ကိုလုပ်ပြမယ်နော်။ Pastry တွေလုပ်ရင် လိုက်နာသင့်တဲ့ အချက်ကလေးတွေကိုတော့ အရင်လတစ်လမှာ ရေးပေးခဲ့ဖူးပါတယ်။ အရေးကြီးဆုံးတစ်ချက်က သုံးတဲ့ Ingredients တွေအားလုံးဟာ (အထူးသဖြင့် ထောပတ်ပေါ့) လုံးဝအေးမှရပါမယ်။ ဖြစ်နိုင်ရင် လက်တွေနဲ့တောင် တိုက်ရိုက်မကိုင်သင့်ပါဘူး။ လက်ရဲ့အပူချိန်ကြောင့် ထောပတ်ကို ပျော်စေတာမို့ပါ။ အခန်းအပူချိန်မှာလည်း အကြာကြီးမထားရပါဘူး။ ဒါ့ကြောင့် အရာရာကို မြန်မြန်လေးလုပ်ရတာမို့ နဲနဲလေးကသီလင်တနိုင်တယ်လို့ ဆိုရပါမယ်။
ခုလုပ်ပြတဲ့ Apple pie မှာသုံးတဲ့ ပန်းသီးလေးတွေက နဲနဲလေးအချဉ်ဖက်ရောက်တဲ့ပန်းသီးလေးတွေပါ။ ဒါ့ကြောင့် အရသာကလည်း ချိုချိုချဉ်ချဉ်လေးရပါတယ်။ တကယ်လို့ အချဉ်အသာမလိုချင်ဘူးဆိုရင်တော့ အချိုများတဲ့ ပန်းသီးအကြီးကိုသာ သုံးသင့်ပါတယ်

မုန့်သားအတွက်
·         ဂျုံ - ၂ ခွက်နဲ့ စားပွဲဇွန်း ၂ ဇွန်း ( ၂၅၀ ဂရမ်)
·         သကြားအမှုန့် ( icing sugar) - စားပွဲဇွန်း ၁ ဇွန်းခွဲ
·         ထောပတ် ၁၈၀ ဂရမ် (လုံးဝအေးခဲနေရပါမယ်)
·         ဆားအနည်းငယ် ( ပါရုံလေးပဲ)
·         ရေခဲရေ စားပွဲဇွန်း ၃ ဇွန်း
ထောပတ်ကို ပုံပါအတိုင်း အတုံးသေးသေးလေးတွေတုံးထားပြီး ရေမှလွဲပြီးကျန်တာအားလုံးနဲ့ရောနယ်ပေးပါ။ နယ်တဲ့အခါမှာ ခက်ရင်းကိုသုံးပြီး နယ်ပါ။ ထောပတ်နဲ့ ဂျုံရောပြီး အဖတ်ကြီးကြီးတွေဖြစ်လာမှ ရေခဲရေကို ၁ဇွန်းစီထည့်ပြီး ဂျုံနဲ့ သမအောင်နယ်ပါ။ အားလုံးပြီးသွားတဲ့အခါ ပုံပါအတိုင်း ခပ်သေးသေး အဖတ်လေးတွေရပါမယ်။ အဲဒါကိုမှပလတ်စတစ်နဲ့ ပတ်ပြီး ဂျုံလုံးဖြစ်အောင်လုံးကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး နာရီဝက်ထည့်ပြီးမှသုံးပါ


Filling အတွက် ပါဝင်ပစ္စည်းများ
·         ပန်းသီးအသေး ၃ လုံး (အခွံခွာ အစေ့ထုတ်ပြီး ပါးပါးလှီးထားပါ)
·         သကြား ½ cup ( 115 ဂရမ်)
·         ဂျုံ စားပွဲဇွန်း ၁ ဇွန်းခွဲ
·         သစ်ဂျပိုးမှုန့် လက်ဖက်ရည် ၁ဇွန်း
·         ဇာဒိပ်ဖိုသီး (Nutmeg) အမှုန့် ပါလေကာမျှ
·         ဆားလေးနဲနဲ
·         ကြက်ဥရည် (ကြက်ဥ၁ လုံးကို ခေါက်မွှေပြီး ရေစားပွဲဇွန်း ၂ ဇွန်းနဲ့ရောထားပါ)
ကြက်ဥရည်ကလွဲလို့ကျန်တာတွေအားလုံးကိုရောမွှေထားလိုက်ပါ

မုန့်အတွက်ပြင်ဆင်ပုံ
1.    ခုနကရေခဲသေတ္တာထဲထည့်ထားတဲ့ ဂျုံလုံးကို ထုတ်ပြီး ထက်ဝက်ဝက်ကာ ဒလိမ့်တုံးနဲ့ပြားပေးပါ
2.    ရလာတဲ့မုန့်ပြားကို ဆီသုတ်ထားတဲ့ ၇ လက်မအချင်းရှိ မုန့်ဗန်းမှာ အသာအယာတင်ပေးပြီး ပုံစံခွက်ထဲအလိုက်သင့်လေး ကပ်ပေးပါ။

3.    နောက်ရောနယ်ထားတဲ့ ပန်းသီးတွေကို စီပြီး ဗန်းထဲထည့်ပါ။
4.    ပန်းသီးတွေစီပြီးသွားရင် ကျန်တဲ့ ဂျုံတစ်ခြမ်းကိုလည်း ဒလိမ့်တုံးနဲ့ပြားပြီး ဗန်းသီးထည့်ထားတဲ့ ဗန်းအပေါ်ကို အုပ်ပေးပါ။ ဂျုံတွေကို ညီသွားအောင် ညှပ်လိုက်ပြီး ပိုတယ်ဆိုရုံ ချန်ထားပါ။
5.    အပေါ်ဂျုံ၊ အောက်ဂျုံ ၂ ခုကို ထပ်လိပ်ပေးပြီး ပုံပါအတိုင်း ခက်ရင်းနဲ့ အသာဖိပေးပါ။
6.    ပြီးသွားရင် အပူငွေ့ထွက်ဖို့ ဓါးရာလေးပေးပြီး ကြက်ဥရည်သုတ်ကာ 190 ဒီဂရီအာဗင်မှာ မိနစ် ၅၀ဖုတ်ပေးပါ။

7.    မုန့်ကျက်ပြီဆိုရင် လုံးဝအေးသွားအောင် ၁နာရီလောက်ကြာအောင် အအေးခံပြီးမှသုံးဆောင်ပါ
ပြီးရင်တော့ သစ်ဂျပိုးနံ့မွှေးမွှေးလေးနဲ့ apple pie လေးဟာ ကော်ဖီနဲ့ သုံးဆောင်ဖို့အသင့်ဖြစ်ပါပြီ


1 comment:

Aunty Tint said...

အဲ့ဒီပန်းသီးမုန့်ကို န၀ဒေးရုပ်ရှင်ရုံ အနောက်က ဖူးမန်လျိုမှာ စားဖူးခဲ့တယ် အခုတော့ လုပ်နည်းလေးသိသွားပြီမို့ ကျေးဇူးပါ Evy ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်