Friday, March 8, 2013

ခရမ်းသီးပဲငါးပိအစပ်ချက်




ဒီတစ်ခါတော့ ခရမ်းသီးကို သာမန်ချက်နည်းဖြစ်တဲ့ နှပ်တဲ့နည်းကနေခွဲထွက်ထားတဲ့ အစပ်ချက်နည်းလေးပါ။ အချိန်တိုအတွင်းမှာ လုပ်စားလို့ရပြီးအရသာကလည်း တော်တော်ကောင်းမွန်တာကြောင့် စာဖတ်သူများအကြိုက်တွေ့နိုင်မယ့် ဟင်းတစ်ခွက်ဆိုတာ အသေအချာပါပဲ။ ဒီဟင်းကတော့ တရုပ်စာစစ်စစ်ပါပဲ။ အစပ်အရမ်းစားတဲ့ စီချွမ်းနယ်ဖက်ကဟင်းတွေနဲ့ တော်တော်ဆင်တူပါတယ်။ စင်္ကာပူက စားဖိုမှူးတစ်ယောက်က အစပ်စားတဲ့သူတွေအတွက် သူကိုယ်တိုင်ပြုပြင်ပြောင်းလဲထားတဲ့ဟင်းပါ။ အဲဒါကို ကျွန်မက ထပ်ပြီး ဗမာပါးစပ်နဲ့ အဆင်ပြေအောင် အနည်းငယ်ပြန်လည် ပြင်ဆင်ထားတာမို့ အားလုံးနှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်းများ
  • ခရမ်းသီးအရှည်အကြီး  ၂ လုံး ( လေးစိတ်ကွဲ လှီးပြီး ၃ ပိုင်း သို့ ၂ ပိုင်း ပိုင်းထားပါ)
  • ကြက်သား (သို့) ၀က်သား ၁၀၀ ဂရမ်
  • ကြက်သွန်ဖြူ ၅ မွှာ (နုတ်နုတ်စဉ်း)
  • ချင်း လက်တစ်ဆစ်စာ (နုတ်နုတ်စဉ်း)
  • စီချွမ်း ငရုပ်ကောင်းစေ့ ၄၊ ၅ စေ့ခန်း (မပါလည်းရပါတယ်)
  • ငရုပ်အကြမ်းမှုန့် လက်ဖက်ရည် ဇွန်း ၂ ဇွန်း
  • ကြက်သားအဆီ လက်ဖက်ရည်တစ်ဇွန်း+ ရေတရုပ်ပန်းကန်လုံးတစ်လုံးနီးပါး (Chicken stock)

ဆော့စ်
  • တရုပ်ပဲငါးပိ အစပ် (တိုပန်ဂျန်) - လက်ဖက်ရည် ၁ ဇွန်း
  • ဟင်းချက်ဆန်ဝိုင် စားပွဲဇွန်း ၂ ဇွန်း
  • ပဲငံပျာရည် အကြည် စားပွဲဇွန်း ၁ ဇွန်းခွဲ
  • ပဲငံပျာရည်အနောက် လက်ဖက်ရည် ဇွန်း တစ်ဝက်
  • သကြားလက်ဖက်ရည် ၁ ဇွန်း
  • နှမ်းဆီလက်ဖက်ရည် ၁ ဇွန်း

ချက်နည်း
  1. ပထမဆုံး ခရမ်းသီးတွေကို ဆီပူပူမှာ အညိုရောင်သမ်းတဲ့အထိကြော်ပြီး ဆယ်ထားလိုက်ပါ
  2. ဆီစားပွဲဇွန်း ၃ ဇွန်းခန့်ကို အပူပေးပြီး ငရုပ်သီးအကြမ်းမှုန့်ထည့်ကြော်ပါ
  3. နောက် ကြက်သားများကို ထည့်မွှေပြီး အရောင်ပြောင်းပါက ချင်း၊ကြက်သွန်ဖြူ၊ ငရုပ်ကောင်းစေ့များကို ထည့်လှော်ပါ
  4. နောက် ကြော်ထားတဲ့ ခရမ်းသီးများကိုထည့်ပြီး ဆော့စ်ကိုလည် ထည့်မွှေပေးပါ။
  5. အပေါ်မှာပြင်ထားတဲ့ ကြက်သား stock တရုပ်ပန်းကန်လုံး တစ်ဝက်ကိုလည်း ထည့်မွှေပေးပြီး မီးပြင်းပြင်းနဲ့ ဆူအောင်တည်ပါ။
  6. ၅ မိနစ်လောက်နေရင် ကျန်တဲ့ stock ထဲကို ပြောင်းဖူးမှုန့်လက်ဖက်ရည် ၁ ဇွန်းထည့်ကာ ဟင်းထဲကို ရောမွှေပေးလိုက်ပါ
  7. နောက်ရေခန်းပြီး ဆီပြန်လာတဲ့ အထိတည်ရင် ရပါပြီ


1 comment:

Aunty Tint said...

ခရမ်းသီးပဲငါးပိအစပ်ချက်လေးကို လေ့လာ မှတ်သားသွားတယ် Evy ရေ... တီတင့်အတွက်တော့ ဟင်းချက်ရတာ မုန့်လုပ်ရတာထက် ပိုလွယ်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်