Saturday, March 16, 2013

အုန်းသီးရေခဲခြစ်





ကျွန်မတို့ ငယ်ငယ်တုန်းကတော့ အုန်းပင်တွေများတဲ့ ပင်လယ်ကမ်းခြေဒေသမှာ နှစ်တော်တော်ကြာကြာနေခဲ့တာကြောင့် အုန်းရှာလပတ်ရည်ကို ခဏခဏစားရပါတယ်။ အုန်းသီးနုနုကို ခြစ်ပြီး အုန်းရည်ထဲ ပြည်ထည့် သကြားလေး နဲနဲထည့်ထားတဲ့ နေ့လယ်နေ့ခင်း သရေစာလေးကို ခေါ်တာပါ။ အထူးသဖြင့်ကမ်းခြေမှာ ပျော်ပွဲစားတွေဘာတွေသွားရင် အဲဒါလေးက မပါမဖြစ်ပေါ့။
အခုလည်း ငယ်ငယ်တုန်းက အစားအစာကို သတိရတာနဲ့ ဒီအချိုပွဲလေးကို လုပ်စားဖြစ်ပါတယ်။ ဒါပေမယ့် အရည်သက်သက်မဟုတ်ပဲ ရေခဲခြစ်လိုမျိုး ပြန်လည်ပြုပြင်ထားပါတယ်။ ၂ မျိုးလုံးကတော့ သူ့ဟာသူစားကောင်းတာပါပဲ။
လုပ်နည်းလေးကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ
·         အုန်းသီးနုနု (ဇွန်းခြစ်) ၂ လုံး
·         သကြား စားပွဲဇွန်း ၂ ဇွန်းခန့် (အချိုကို လိုသလိုညှိပါ။ အုန်းရည်က ချိုပြီးသားဆိုရင် သကြားသိပ်မလိုပါဘူး)


ပြုလုပ်နည်း
1.    အုန်းရည်များကို ခွက်တစ်ခုထဲထည့်ပြီး သကြားများထည့်မွှေပေးပါ
2.    အုန်းသီးအဖတ်များကို လည်းခြစ်ထားပြီး ခွက်တစ်ခွက်ထဲ ထည့်ထားပေးပါ။
3.    အုန်းရည် သကြားအရောကို Freezer ထဲမှာ  ၂ နာရီ (သို့) စပြီးခဲစပြုတဲ့ အထိထားပေးပါ
4.    စခဲပြီဆိုရင် ဇွန်းနဲ့ အသာမွှေပေးပြီး  အုန်းသီးအဖတ်လေးများကို သမအောင်ထည့်မွှေပါ
5.    နောက် ရေခဲသေတ္တာ အပေါ်ထပ်မှာပဲ လုံးဝခဲတဲ့ အထိထားပေးပါ။
6.    စားကာနီးမှာ ဇွန်းနဲ့ ခြစ်ထုတ်ပြီးရင်တော့ အုန်းသီးရေခဲခြစ် အဆင်သင့်ဖြစ်ပါပြီ (ခဲနေပေမယ့်လို့ ရေခဲတုံးကြီးလို ဖြစ်မနေပဲ ဇွန်းနဲ့ ခြစ်ရုံနဲ့ ရပါတယ်)

2 comments:

Aunty Tint said...

အုန်းသီးနုနု ဇွန်းခြစ်လေးတွေ စားရတဲ့အရသာ ကြိုက်မှကြိုက် Evy ရေး)
အုန်းသီးရေခဲ့ခြစ် နည်းစနစ်လေး မှတ်သားသွားတယ်။
ိစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

နွေရာသီစာလေး လုပ်စားဦးမယ်